ရန်ကုန်မြို့တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိအမြင်မြှင့်တင်မှု ရက်သတ္တပတ် လူထုလှုပ်ရှားမှု ကျင်းပ

ရန်ကုန်  ၁၆   ဖေဖော်ဝါရီ

 

ရန်ကုန်တိုင်းဒေသကြီးအဆင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိအမြင် မြှင့်တင်မှု ရက်သတ္တပတ် လူထုလှုပ်ရှားမှုကို ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံတွင် ယနေ့ညနေ ၃ နာရီမှ ၆ နာရီအထိ ကျင်းပသည်။

 

ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိအမြင်မြှင့် အခမ်းအနားသို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး တက်ရောက် အဖွင့်အမှာစကားပြောကြားပြီး၊ Actionaid Myanmar မှ ဌာနေတာဝန်ခံ Ms Araddhya Mehtta နှင့် မြန်မာနိုင်ငံငလျင်ကော်မတီ နာယက ဒေါ်လှလှအောင်တို့က နှုတ်ခွန်းဆက်စကားပြောကြားပြီး ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးသည်။

 

“ရန်ကုန်မှာက အများအားဖြင့် ၈၂ ရာခိုင်နှုန်းက အိမ်ထဲမှာနေကြတယ်၊ ငလျင်နဲ့ ပတ်သက်ပြီး လူတိုင်းသိနားလည်ဖို့ ရပ်ရွာလူထုတွေ ဘေးကင်းဖို့ ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့လို ဒီလိုလူစည်ကားတဲ့ နေရာမှာ ကျင်းပတာဖြစ်ပါတယ်၊ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း ဖြစ်ပွားပြီးနောက်ပိုင်းကစပြီး မြန်မာနိုင်ငံမှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာနဲ့ ပတ်သက်ပြီး ပံ့ပိုးကူညီခဲ့ပါတယ်၊ ရတဲ့ ရန်ပုံငွေတွေနဲ့ ရန်ကုန်၊ မန္တလေးမြို့ ဘယ်မြို့တော်မဆို ပိုပြီးရေရှည်တည်တံ့ခိုင်မြဲတဲ့ အစီအစဉ်တွေကို ဆက်လုပ်သွားဖို့ ရှိပါတယ်၊ တခြားအဖွဲ့အစည်းတွေမှ ပြခန်း(၁၃)ခုနဲ့ ပူးပေါင်းဆောင်ရွက်ပေးပါတယ်၊ မြို့တော်ဝန်ကလည်း  အားပေးစကား ပြောသွားပါတယ်”ဟု Actionaid Myanmar မှ ဌာနေတာဝန်ခံ Ms Araddhya Mehtta ကပြောသည်။

 

“ရန်ကုန်တိုင်းဒေသကြီးမှာ ဘေးစီမံခွဲခန့်မှုနဲ့ပတ်သက်ပြီး ၂၀၁၉ခုနှစ်မှာ ငလျင်နဲ့ကြိုတင်စီမံချက်နဲ့ ဆောင်ရွက်ခဲ့တာပါ၊ ၂၀၁၉ ခုနှစ်က ရန်ကုန်မှာ ဇန်နဝါရီ ၁ ရက်ကစလို့ (၁၉၆)ကြိမ် လှုပ်ခဲ့လို့ ဒါကို ပြည်သူတွေကို သတိပေးသင့်လို့ အစိုးရနဲ့ ပုဂ္ဂလိကပူးပေါင်းပြီး ငလျင်နဲ့ပတ်သက်လို့ ဘယ်လိုပြင်ဆင်ကာကွယ်ရမလဲ၊ ဘယ်လို တိမ်းရှောင်ရမလဲ၊ ဘယ်လိုဆောင် ရွက်ရမလဲဆိုတာကို အသိပညာပေးလုပ်ငန်း ဆောင်ရွက်တာ၊ ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက်နိုင်အောင် ရည်ရွယ်ပြီး ဒီနေ့ ၁၆ရက်မှ ၂၂ရက်အထိ ဆောင်ရွက်တာ ဖြစ်ပါတယ်၊ မနက်ဖြန် ၁၇ ရက်နေ့ သန်လျင်မှာ၊ နောက် လှိုင်သာယာ၊ ကျောက်တန်း၊ ၂၁ ရက်နေ့မှာ ဒဂုံဆိပ်ကမ်း၊ နောက်ဆုံးနေ့က ဖဆပလရပ်ကွက်မှာ လုပ်ပါမယ်”ဟု ရန်ကုန်တိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစံကုန်းက ပြောသည်။

သန့်ဇင်ဝင်း