ရန်ကုန်မြို့လယ် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများ မြို့တော်ဝန်ကြည့်ရှုစစ်ဆေး

ရန်ကုန်၊ ဒီဇင်ဘာ ၉


ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်ပတ်လမ်း ကတ္တရာကွန်ကရစ် ခင်းကျင်းပြီးစီးမှုနှင့် ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တော်ခန်းမရှိ ရေဂါလန် (၁)သိန်းဆံ့ ရေစုကန် RC Ground Tank တည်ဆောက်နေမှုလုပ်ငန်းများကို သွားရောက်ကြည့် ရှုစစ်ဆေးသည်။

 

ရှေးဦးစွာ မြို့တော်ဝန်နှင့်အဖွဲ့သည် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်ပတ်လမ်းသို့ သွားရောက်၍ ဦးထောင်ဘိုအဝိုင်းမှ ဦးအောင်မြတ်လမ်းအထိ ကန်ပတ်လမ်း ဝဲ/ယာ (၄)လမ်းသွား ကတ္တရာကွန်ကရစ် ခင်းကျင်းခြင်းလုပ်ငန်းပြီးစီးမှု၊ Road Marking ယာဉ်ကြောပြမျဉ်းများ ဆေးရေးဆွဲထားရှိမှု၊  Guard Rail များ၊ Arm Cover များ၊ လမ်းညွှန်များ ပြုပြင်တပ်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် မြို့တော်ဝန်နှင့်အဖွဲ့သည် ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလလမ်းရှိ ရန်ကုန်မြို့တော်ခန်းမသို့ သွားရောက်ပြီး ရေဂါလန် (၁)သိန်းဆံ့ ရေစုကန် RC Ground Tank တည်ဆောက်နေမှုလုပ်ငန်းကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

မိုးရာသီကာလအတွင်း မိုးသည်ထန်စွာ ရွာသွန်းချိန်နှင့် မြစ်ရေတက်ချိန် တိုက်ဆိုင်ပါက ရန်ကုန်မြို့လယ်တွင် ယာယီရေကြီးရေလျှံမှု ဖြစ်ပေါ်လေ့ရှိခြင်းကြောင့် မိုးရေများအား ယာယီသိုလှောင်နိုင်ရန် အဆိုပါ ရေစုကန်တည်ဆောက်ခြင်းဖြစ်ပြီး အဆိုပါ ရေစုကန်မှတစ်ဆင့် မဟာဗန္ဓုလပန်းခြံဘေးရေမြောင်းသို့ ဖောက်ထုတ်နိုင်ရန် တည်ဆောက်ထားခြင်းဖြစ်ကြောင်း  သိရသည်။

 

သတင်းစဉ်