ရန်ကုန်မှာ အသစ်ထွက်ပေါ်လာဦးမယ့်ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးဗဟိုစခန်း

၁၆  အောက်တိုဘာ

ရန်ကုန်မြို့မှာတော့ လူဦးရေအများဆုံး မြို့နယ်က လှိုင်သာယာဖြစ်ပြီး အခြေခံပြည်သူ တွေ အများဆုံးနေထိုင်ရာ မြို့နယ်လည်း ဖြစ်ပါတယ်။ စက်မှုဇုန်တွေလည်း များတဲ့အပြင် စက်ရုံအလုပ်ရုံတွေလည်း လည်ပတ် မှု အရှိန်အဟုန်ရနေတာမို့ လှိုင်သာယာမြို့နယ်ဟာ ရန်ကုန်မြို့မှာတော့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူနေထိုင်မှု အများဆုံးဖြစ်ပါတယ်။ အခုလည်း လှိုင်သာယာမြို့နယ်မှာရှိတဲ့ ရွှေလင်ဗန်း စက်မှုဇုန်မှာ ပြည်ပကုမ္ပဏီတစ်ခုက ကုန်စည် ထောက်ပံ့ပို့ဆောင်ရေး ဗဟိုစခန်းတစ်ခု တည်ဆောက်ဖို့ စီစဉ်နေပြီဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်လာနေတဲ့ ရန်ကုန်မြို့ဟာ ပြည်တွင်းပြည်ပ စီးပွား ရေးလုပ်ငန်းတွေနဲ့ စက်မှုဇုန်တွေက နေ့စဉ်ထွက်ရှိနေတဲ့ ကုန်ပစ္စည်းတွေကို ပြည်တွင်း ပြည်ပဈေးကွက်ကို အမြန်ဆုံးအဆင်ပြေ ချောမွေ့စွာ ရောက်ရှိရေးလည်း လိုအပ်ပါတယ်။ အခုဆိုရင် စက်ရုံအလုပ်ရုံနဲ့ အထူးစီးပွားရေးဇုန်က လုပ်ငန်းတွေက ထွက်ရှိတဲ့ကုန်ပစ္စည်းတွေ၊ ကုန်ကြမ်းပစ္စည်းနဲ့ ကုန်ချောပစ္စည်းတွေကို ရေကြောင်း၊ ကုန်းကြောင်းနဲ့ လေကြောင်းခရီးစဉ်တွေနဲ့ တင်ပို့နေကြတာမို့ အခက်အခဲအချို့ရှိနေတာကို အခု အသစ်တည်ဆောက်တော့မယ့် ကုန်စည်ပို့ဆောင်ရေးဗဟိုစခန်းက ပိုမိုအဆင်ပြေအောင် အထောက်အကူ ပြုပေးနိုင်တော့မှာ ဖြစ်ပါတယ်။

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်ဧရိယာအတွင်းမှာ တည်ဆောက်မယ့် အဲဒီစီမံကိန်းဟာ မြေအကျယ်အဝန်းက အစိုးရပိုင်မြေဧက ၆၀ ပေါ်မှာ တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ တည်ဆောက် အကောင်အထည်ဖော်မယ့်ကုမ္ပဏီက အမေရိကန်ကုမ္ပဏီ HUBS MK က အမေရိကန်ဒေါ်လာ သန်း၁၀၀ ခန့် အကုန်အကျခံ ရင်းနှီးမြှုပ်နှံ တည်ဆောက်မှာဖြစ်တယ်လို့ တည်ဆောက်ခွင့်ပြုတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

အဲဒီကုန်စည် ထောက်ပံ့ပို့ဆောင်ရေးဗဟိုစခန်းကို တည်ဆောက်မယ့် အမေရိကန် ကုမ္ပဏီဟာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကတည်း က ဒီစီမံကိန်းကို အကောင်အထည်ဖော် တည်ဆောက်ဖို့အတွက် မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအောက်မှာရှိတဲ့ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နဲ့ သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း ပြည်တွင်းမှာ သာမကဘဲ နိုင်ငံတကာကုန်သွယ်မှုတွေ တိုးတက်ကျယ်ပြန့်လာတာမို့ နိုင်ငံတကာအဆင့်မီတဲ့ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေးစနစ် ကောင်းမွန်ဖို့အတွက် အခုလို ရန်ကုန်မြို့မှာ ကုန်စည်ထောက်ပံ့ပို့ဆောင်ရေး ဗဟိုစခန်းကို အမေရိကန်ကုမ္ပဏီနဲ့ တည်ဆောက်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာစံချိန်အတိုင်းတည်ဆောက်

ဒီစီမံကိန်းကို အကောင်အထည်ဖော် တည်ဆောက်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှုအပိုင်း ကတော့ အမေရိကန် HUBS MK ကုမ္ပဏီက ရှယ်ယာ ၉၉ ရာခိုင်နှုန်းနဲ့ တောင်ကိုရီးယားက ၁ ရာခိုင်နှုန်း ထည့်ဝင်ပြီး လုပ်ကိုင်မှာဖြစ်ပါတယ်။ ဒီစီမံကိန်းကို အမေရိကန်ကုမ္ပဏီက နိုင်ငံတကာစံချိန်စံညွှန်းအတိုင်း အကောင်အထည်ဖော် ဆောက်လုပ်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံတကာစံချိန်မီ ကုန်စည်ထောက်ပံ့ ပို့ဆောင်ရေးဗဟိုစခန်းအဖြစ် ထွက်ပေါ်လာမှလည်း စီးပွားရေး လုပ်ငန်းတွေ၊ စက်မှုဇုန်တွေ၊ စက်ရုံအလုပ်ရုံတွေက ထွက်ရှိလာတဲ့ ကုန်ပစ္စည်းတွေဟာ အရည်အသွေးမြင့် ပို့ကုန်တွေအဖြစ် ထိန်းသိမ်းပို့ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ထုတ်လုပ်မှုစရိတ်၊ သယ်ယူ ပို့ဆောင်ရေး စရိတ်တွေ လျှော့ချနိုင်မှာ ဖြစ်တဲ့အပြင် နိုင်ငံတကာဈေးကွက်အထိ အရည်အသွေး စံချိန်မလျော့တဲ့ ကုန်ပစ္စည်းတွေ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

ရွှေလင်ဗန်းစက်မှုဇုန်အတွင်းမှာ တည်ဆောက်မယ့် ဒီစီမံကိန်း ပြီးစီးခဲ့ရင်တော့ ဒီကုန်စည် ထောက်ပံ့ပို့ဆောင်ရေး ဗဟိုစခန်း မှာ အဓိကအနေနဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ရေထွက်ပစ္စည်းတွေကို ကိုင်တွယ်ပေးသွားမယ်လို့ သိရပါတယ်။ နိုင်ငံတကာကို ရေကြောင်းပို့ဆောင်ရေးလမ်းနဲ့ ပို့ဆောင်တဲ့အခါမှာလည်း ဒီဗဟိုစခန်းက ပိုမိုအဆင်ပြေအောင် ထောက်ပံ့ပို့ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဆုံးရှုံးနစ်နာမှုကြုံတွေ့

မြန်မာနိုင်ငံက ထွက်ရှိတဲ့ ကုန်ပစ္စည်းတွေဟာ နိုင်ငံတကာဈေးကွက်ကို တင်ပို့တဲ့အခါ အရင်ကာလတွေက ကုန်ပစ္စည်းအရည်အသွေးတွေ စံချိန်မမီတာတွေကြောင့် ဆုံးရှုံးနစ်နာမှုတွေ အများကြီးကြုံတွေ့ခဲ့ရပါတယ်။ အဲဒီအခက်အခဲတွေ အဆင်ပြေသွားနိုင်ဖို့နဲ့ ကုန်သွယ်မှုအခက်အခဲတစ်စုံတစ်ရာ မဖြစ်ပေါ်စေဖို့ ဒီကုန်စည် ထောက်ပံ့ပို့ဆောင်ရေးဗဟို စခန်းဟာ တစ်ဖက်တစ်လမ်းက ကူညီဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။

အမေရိကန်ကုမ္ပဏီတွေ ဝင်ရောက်

လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှု ဇုန်ဧရိယာအတွင်း အကောင်အထည်ဖော်မယ့် ဒီစီမံကိန်းဟာ မြန်မာနိုင်ငံသမိုင်းမှာတော့ အမေရိကန်ကုမ္ပဏီတွေ ဝင်ရောက်လုပ်ကိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေအနက် အများဆုံးဖြစ်တယ်လို့ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်က ထုတ်ပြန်တဲ့စာရင်းတွေအရ သိရပါတယ်။

မြန်မာနိုင်ငံမှာ အမေရိကန်ကုမ္ပဏီတွေဟာ စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ရင်းနှီးမြှုပ်နှံထားပြီး မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံတွေထဲမှာ အမေရိကန်ဟာ အဆင့် ၁၃ နေရာမှာ ရှိနေတယ်လို့ အဲဒီစာရင်းအင်းတွေမှာ ဖော်ပြထားပါတယ်။

ပို့ဆောင်ပေးနိုင်ခဲ့

ရန်ကုန်တိုင်းဒေသကြီးရဲ့ ကုန်စည်ပို့ဆောင်ရေးအခြေအနေကိုကြည့်ရင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်းမှာ ရထားနဲ့ ကုန်တန်ချိန် ၅၂၆၁၀၀ ခန့်၊ ကုန်တင် ယာဉ်တွေနဲ့ ကုန်တန်ချိန် ငါးသိန်းကျော်၊ ပြည်တွင်းရေကြောင်းလမ်းနဲ့ ကုန်တန်ချိန် ၄၂၂၁၃၅ တန်ခန့်၊ လေကြောင်းခရီးစဉ်နဲ့ ကုန်တန်ချိန် ၁၃၇၂ တန်ကျော် ပို့ဆောင်ပေး နိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၅ ရက် က မီဒီယာတွေနဲ့ တွေ့ဆုံစဉ်က ပြောကြားခဲ့ပါတယ်။

အခု တည်ဆောက်မယ့် ကုန်စည် ထောက်ပံ့ပို့ဆောင်ရေး ဗဟိုစခန်းပြီးစီးသွားရင် တော့ ရန်ကုန်တိုင်းဒေသကြီးရဲ့ ကုန်စည်ပို့ဆောင်ရေးဟာ ပိုမိုကောင်းမွန်ပြီး နိုင်ငံတကာစံချိန်မီ ဖြစ်လာဖို့ အထောက်အကူပြုပေးနိုင်တော့မှာ အမှန်ပါပဲ။ ။

သတင်း - ဆွေဦးဝေ၊ ဓာတ်ပုံ - ကေဇင်