ရန်ကုန်အထည်ချုပ်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ ထောက်ကူပေးနေသော “အောင်မြင်မှု”

၁၁ ဒီဇင်ဘာ

ရန်ကုန်မြို့တော်ကြီးမှ မြန်မာနိုင်ငံအရပ်ရပ်ရှိအခြားသော တိုင်းဒေသကြီး/ပြည်နယ်များသို့ သွားရောက်သည့် အခါ၌ဖြစ်စေ၊ အခြားသော တိုင်းဒေသကြီး/ပြည်နယ်များမှ ရန်ကုန်မြို့တော်သို့ လာရောက်သည့်အခါ၌ဖြစ်စေ ရန်ကုန်မြို့၏ အစွန်အဖျားဒေသများ၌ ထူထောင်ထားသော စက်မှုဇုန်များကို မြင်တွေ့ရလေ့ရှိသည်။ တစ်ခေတ်တစ်ခါက တိတ်ဆိတ်မှုတို့ ဖုံးလွှမ်းခဲ့သော မြို့တော်ရန်ကုန် အစွန်အဖျားဒေသများသည် ယနေ့ခေတ်အခါတွင် စက်မှုဇုန်ပုံရိပ်တို့ဖြင့် သက်ဝင်လှုပ်ရှားလျက် ရှိနေသည်။ ဤကား ရန်ကုန်မြို့တော်၏ ပြောင်းလဲမှုပုံရိပ်အချို့ ဖြစ်သည်။

ယခုအခါ ရန်ကုန်မြို့တော်၏ အစွန်အဖျား နေရာများတွင် စက်မှုဇုန်များက ၂၉ နေရာ အထိ နေရာယူလျက်ရှိသည်။ အဆိုပါ စက်မှုဇုန်များ အနီးဝန်းကျင်ရှိ လမ်းမကြီးများပေါ်တွင် နံနက်-ည နေ့စဉ် သွားလာနေကြသော စက်ရုံအလုပ်ရုံဝန်ထမ်းများကား ပျားပန်းခပ်မျှ များပြားလျက်ရှိသည်ကို အမြဲလို တွေ့မြင်ရလေ့ရှိသည်။ ရန်ကုန်မြို့ရှိ ကုန်ထုတ် လုပ်မှုစက်ရုံများအနက် အထည်ချုပ်စက်ရုံများသည် အများဆုံးဖြစ်မည်ဟု ထင်ရသည်။

မြန်မာနိုင်ငံတွင် ၂၀၁၉ ခုနှစ် နိုဝင်ဘာလ အထိ CMP နှင့် CMP တစ်ဆင့်ခံ အထည်ချုပ် စက်ရုံပေါင်း ၃၈၉ ရုံရှိသည့်အနက် ရန်ကုန်တိုင်း ဒေသကြီးတွင် အထည်ချုပ်စက်ရုံ ၃၃၈ ရုံ၊ အထည်ချုပ်လုပ်သားပေါင်း ၂၁၄၈၉၅ ဦးတို့ အလုပ်လုပ်ကိုင်လျက်ရှိသည်။ ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအထိ ကောက်ယူခဲ့သော ပထမအကြိမ် လုပ်သားအင်အား စစ်တမ်းအစီရင်ခံစာအရ အထည်ချုပ်လုပ်သား အင်အား ၉၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်ဒေသမှ မြို့ပြသသို့ အသက်မွေးဝမ်းကျောင်းအတွက် လာရောက်ကြသော အမျိုးသမီး ရွှေ့ပြောင်းလုပ်သားများ ဖြစ်သည်။ ။

အဆိုပါ အမျိုးသမီးလုပ်သားများအနက် အများစုမှာ မြို့ပေါ်တွင် အကူအညီပေးမည့် ဆက်သွယ်မှုကွန်ရက် မရှိသကဲ့သို့ အခြေခံ လစာတိုးမြှင့်ပြီးနောက် လုပ်ငန်းအတွေ့အကြုံ မရှိသူများမှာ အလုပ်ရရန် ခက်ခဲလာသည့်အတွက် ၎င်းတို့ကို ခေါင်းပုံဖြတ် အမြတ်ထုတ်ရန် လွယ်ကူလာသည်။ ထိုသို့သော အမျိုးသမီးများအတွက် သင့်တင့်လျောက်ပတ်သော အလုပ်အကိုင်နှင့် ရန်ကုန်တွင် ဘေးကင်း လုံခြုံစွာ အခြေချနိုင်ရန်အတွက် “အောင်မြင်မှု ဟူသော စီမံချက်မှ သက်မွေးပညာ သင်တန်းများနှင့် လူမှုအထောက်အကူပြု ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေသည်ဟု သိရသည်။ အောင်မြင်မှုစီမံချက်မှာ မြန်မာနိုင်ငံ ရှိ CARE International ၏ စီမံချက်တစ်ခုဖြစ်ပြီး Business Kind Myanmar နှင့် Legal Clinic Myanmar တို့၏ အကူအညီဖြင့် ဝန်ဆောင်မှုများ ပေးလျက်ရှိသည်။ Livelihoods and Food Security Trust Fund an ငွေကြေးထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံ အလုပ်သမားရေးရာ ၊လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုဂ္ဂလိကအဖွဲ့ အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ကိုင်လျက်ရှိသော စီမံချက်တစ်ရပ် ဖြစ်သည်။

အောင်မြင်မှု သင်တန်းကျောင်း၊ သင်တန်းမန်နေဂျာ မနှင်းဖြူဖြူအေးက “ကျွန်မတို့ သင်တန်းကျောင်းအနေနဲ့ အထည်ချုပ်စက်ရုံမှာ အလုပ်အကိုင်ရရှိချင်တဲ့ သူတွေ၊ ရွှေ့ ပြောင်းလုပ်သားတွေကို အထည်ချုပ်နဲ့ပတ်သက်တဲ့ သင်တန်းတွေ သင်ပေးတယ်။ ပြီးတဲ့အခါမှာ အလုပ်အကိုင်ရအောင်လည်း ချိတ်ဆက်ပေးတယ်။ သင်ပေးတဲ့ နေရမှာလည်း ဘာသာရပ်တွေခွဲပြီး သင်ပေးတာရှိတယ်။ စက်ချုပ်သင်တန်း၊ စက်ပြင် သင်တန်း၊ utting သင်တန်းတို့၊ supervisor သင်တန်းတို့လို စက်ချုပ်တာနဲ့ ပတ်သက်ပြီး ဘာသာရပ်အစုံနီးပါး သင်ပေးပါတယ်။ နည်းပညာပိုင်းသာမက လုပ်ငန်းခွင်ထဲမှာသိရမယ့် အကြောင်းအရာ ဗဟုသုတတွေ လိုပါတယ်။ ပြောဆိုဆက်ဆံရေးတို့၊ ကိုယ့်ရဲ့ဝင်ငွေကို ဘယ်လိုစီမံခန့်ခွဲမလဲလို့၊ နောက် အလုပ်သမားစာချုပ်ချုပ်တဲ့အခါကျရင်လည်း အဲဒါတွေက ဘာတွေလဲပေါ့နော်။ သူတို့လုပ်ငန်းခွင်ထဲဝင်တဲ့အခါ ကျရင်လည်း အခြေခံသိရမယ့် အကြောင်းအရာတွေကိုလည်း ကျွန်မတို့က တစ်ခါတည်း ထည့်သင်ပေးလိုက်ပါတယ်။

သင်တန်းမတက်ခင်နဲ့ သင်တန်းပြီးပြီးချင်းမှာ ဘာတွေကွာခြားလဲဆိုရင် သူတို့အနေနဲ့ တစ်ခုခုဆိုရင် ပြောစရာရှိတာ ပြောရဲလာတယ်။ အလွန်ရှက်ကြောက်နေတာမျိုး မရှိတော့ဘူး။ နည်းပညာပိုင်းလေ့ကျင့်မှုလည်း ရထားတော့ လုပ်ငန်းခွင်ထဲဝင်ဖို့ အတွက်ကို သူတို့က အဆင်သင့်ဖြစ်နေတယ်။ အရင်တုန်းကဆိုရင် နယ်ကနေလာပြီး စက်ရုံထဲ တန်းဝင်တဲ့အခါကျရင် ဘယ်မှာ အလုပ်ရှာရမှန်းမသိဘူး။ ဘာလုပ်ရမှန်း မသိဘူး။ ဘယ်လိုအလုပ်လျှက်ရမှန်း မသိ ဘူးပေါ့နော်။ ဒါပေမယ့် ကျွန်မတို့ “အောင်မြင်မှု"မှာ တက်ပြီးသွားတဲ့အခါကျရင် သက်ဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာလည်း လေ့ကျင့်ထား တဲ့အတွက်ကြောင့်ရယ်၊ နောက်လိုအပ်တဲ့ ဗဟုသုတတွေလည်း သင်ယူထားတဲ့အတွက်ကြောင့် လုပ်ငန်းခွင်ထဲဝင်ဖို့အတွက် interview ပဲဖြစ်ဖြစ် အဆင်သင့်ဖြစ်နေတယ်။ လုပ်ငန်းခွင်ထဲဝင်တဲ့အခါမှာလည်း စက်အမျိုးအစား အများကြီးကိုင်နိုင်တယ်။ တခြားလုပ်ငန်းခွင်ထဲမှာ ရှိနေတဲ့သူတွေက စက်နှစ်မျိုးသုံးမျိုးလောက်ပဲ သုံးနိုင်တဲ့ အချိန်မှာ ဒီက သင်တန်းဆင်းသွားတဲ့သူတွေကတော့ စက်လေးငါးခြောက်မျိုးလောက်ကို ကိုင်နိုင်တာမျိုးတွေ ကွာခြားသွားပါတယ်။

သင်တန်းသားတွေ ရွေးချယ်ရာမှာတော့ နယ်ကပဲဖြစ်ဖြစ်၊ ရန်ကုန်ကပဲဖြစ်ဖြစ် မည်သူမဆို ကျွန်မတို့ဆီမှာတက်လို့ရတယ်။ အဓိကကတော့ အသက် ၁၈ နှစ်ပြည့်ဖို့ လိုပါတယ်။ အထည်ချုပ်စက်ရုံမှာ အလုပ်အကိုင်ရရှိချင်တယ်။ ဒါပေမယ့် ဘယ်လိုရှာရမှန်း မသိတဲ့သူတွေကို အဓိကထားပြီး ရွေးချယ်ပါတယ်။ သင်တန်းခအနေနဲ့ကတော့အခမဲ့ပါ။ သင်တန်း ကတော့ ရက် ၄၀ သင်ပါတယ်။ ရက် ၄၀ မှာ စက်ပိုင်းဆိုင်ရာနဲ့ ဗဟုသုတကို အချိန်လေးတွေ့ခွဲပြီးတော့ သင်တာပါ။ သင်တန်းပြီးသွား တဲ့အခါမှာလည်း အလုပ်ခေါ်တဲ့စက်ရုံတွေကို စိစစ်ပြီးတော့ ချိတ်ဆက်ပေးတာလေး ရှိပါ တယ်။

အောင်မြင်မှုမှာရှိတဲ့ သင်တန်းတွေက နည်းပညာပိုင်းကို အဓိကဦးစားပေးပြီး လုပ်ငန်းခွင်ထဲဝင်ဖို့အတွက် ဖြည့်ပြီးသင်ပေးတာပေါ့နော်။ ဒီသင်တန်းတွေက အလုပ်အကိုင် လိုအပ်တဲ့သူအတွက်သာ မဟုတ်ဘဲ၊ ဒီအထည်ချုပ်စက်ရုံက လုပ်ငန်းရှင်တွေ၊ စက်ရုံမှာ တာဝန်ရှိတဲ့သူတွေလည်း ကျွမ်းကျင်လုပ်သား လိုအပ်တာကိုလည်း ဖြည့်ဆည်းဖို့အတွက် ရည်ရွယ်တယ်ပေါ့နော်။ “အောင်မြင်မှုသည် အလုပ်ရှင်ရော အလုပ်အကိုင် လိုအပ်နေတဲ့သူတွေရဲ့ ကြားမှာ ပေါင်းကူးတံတားသဖွယ် ဖြည့်ဆည်းဖို့ အတွက် ရှိနေတာပါ။

Bogart Lingerie (Yangon) ongo အကြီးတန်းမန်နေဂျာ ကိုစိုင်းသက်အောင်က “ကျွန်တော်တို့စက်ရုံက ၂၀၁၂ ခုနှစ်လောက် က စတင်ခဲ့တာပေါ့နော်။ စပြီးလည်ပတ်တာတော့ ၂၀၁၃ ခုနှစ်လောက်မှာပါ။ အရင်တုန်းကတော့ ကျွန်တော်တို့ဆီမှာ ကိုယ်ပိုင် သင်တန်းပေးတာရှိတယ်။ ဒါပေမယ့် သေချာတဲ့ သင်ရိုးညွှန်းတမ်းမရှိဘူး။ ကိုယ့်ဆီမှာ လိုတဲ့ Operator လောက်ပဲလိုတဲ့ စက်နဲ့ သင်ခဲ့တာ။ အဲဒီတော့ တကယ့်ထုတ်ကုန် ထုတ်တဲ့အခါမှာ နည်းနည်းလေး အခက်အခဲ ရှိတယ်။ သင်ရိုးညွှန်းတမ်းဆွဲဖို့ကျတော့ ကိုယ်ကိုယ်တိုင်ကလည်း အချိန်မပေးနိုင်ဘူးလေ။ အဲဒီလိုဆွဲဖို့ဆိုတာလည်း မလွယ်ဘူးလေ။ နောက်ပိုင်းကျတော့ “အောင်မြင်မှုနဲ့တွေ့တဲ့ အခါကျတော့ “အောင်မြင်မှုက လေ့ကျင့်မှု သင်ကြားမှုအပိုင်းကို ဦးစားပေးပြီး လုပ်တယ်။ သူတို့ဆီကနေ သင်ရိုးညွှန်းတမ်း အထောက်အပံ့ရတယ်။ နောက်ပိုင်း “အောင်မြင်မှုနဲ့ လက်တွဲပြီး လေ့ကျင့်မှုစင်တာ ထောင်ခဲ့တယ်။ လက်ရှိတော့ သင်တန်းအပတ်စဉ် ၁၉-၂ဝ လောက်အထိ ပြီးသွားပါပြီ။

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင် မြို့နယ်မှနေ၍ တောင်ဒဂုံမြို့နယ်ရှိ ဂျီဒီပီ အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်လျက်ရှိသော မသင်းသင်းမိုးက “နယ်ဘက်မှာ ကျတော့ အလုပ်အကိုင်ရှားပါတယ်။ တောအလုပ်အကိုင်ပဲ ရှိတဲ့အခါကျတော့ ဝင်ငွေနည်းတာပေါ့။ ဝင်ငွေများများလိုချင်လို့ ရန်ကုန်တက်လာတာပါ။ ရန်ကုန်ရောက်တော့ အထည်ချုပ်မှာ လုပ်ဖို့ကျတော့လည်း စက်မနင်းတတ်တော့ ပထမဦးဆုံး ဖိနပ်စက်ရုံမှာ အလုပ်လုပ်တာ။ အခုကျမှ facebook ကနေ "အောင်မြင်မှု သင်တန်းကို တွေ့တာ။ အဲဒီမှာ ဖုန်းနံပါတ် ပါတယ်လေ။ သူတို့ ဖုန်းနံပါတ်နဲ့ လှမ်းဆက်ပြီး မေးကြည့်တာ မေးကြည့်ပြီး အောင်မြင်မှုသင်တန်းကို တက်ဖြစ်သွားတာ။ သင်တန်းကအားလုံးပေါင်း ပိတ်ရက်ရောဆို နှစ်လလောက်ပေါ့။ သင်တန်းမှာက မနက်ပိုင်းဆို စက်ချုပ်သင်တန်းသင်ပေးတယ်။ နေ့ခင်းပိုင်းဆိုရင် အလုပ်သမားဥပဒေနဲ့ ပတ်သက်တာတွေ အဲဒါတွေသင်ပေးတယ်။ ညီမကတော့ သင်တန်းကျောင်းကချိတ်ပေးတဲ့ ဆီမသွားဘဲနဲ့ ကိုယ်ဟာကိုယ် စုံစမ်းပြီး ဝင်လိုက်တယ်။ လစာက ငွေကျပ် နှစ်သိန်းခြောက်သောင်း၊ နှစ်သိန်းခုနှစ်သောင်းလောက် ရတယ်။ အလုပ်ချိန်က မနက် ၈ နာရီကနေ ည ၈ နာရီအထိပေါ့။ နေတာကတော့ အဆောင်မှာ သူငယ်ချင်းတွေ စုနေတာပါ။ တစ်ခါတလေကျတော့လည်း ဝယ်စားလိုက်တယ်။ တစ်ခါတလေကျတော့လည်း ချက်စားပါတယ်"

မြန်မာနိုင်ငံတွင် အရှိန်အဟုန်ကြီးစွာ ဖွံ့ဖြိုးတိုးတက်နေသော စီးပွားရေးကဏ္ဍ များထဲတွင် အထည်ချုပ်လုပ်ငန်းများသည် တစ်ခုအပါအဝင် ဖြစ်သည်။ ပြည်ပသို့ တင်ပို့သော ပို့ကုန်များ များပြားလာသကဲ့သို့ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ကြားတွင် အထည်ချုပ် လုပ်ငန်းတွင် လုပ်ကိုင်နေကြသော လုပ်သား အရေအတွက်မှာ ၄ သိန်းမှ ၁ ဒသမ ၅ သန်း အထိ တိုးမြှင့်လာမည်ဟု ခန့်မှန်းထားကြ သည်။ ၂၀၁၇ခုနှစ်တွင် အထည်ပို့ကုန် ၂၈ ရာခိုင်နှုန်းအထိ တိုးမြှင့်လာခဲ့ပြီး အမြတ်ငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ရရှိခဲ့သော်လည်း နောက်ပိုင်းတွင် ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးလာခဲ့သည်။ သို့သော် ကျေးလက်ဒေသမှ ထောင်နှင့်ချီသောအမျိုးသမီးများသည် အထည်ချုပ်လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင် ရန် မြို့တော်ရန်ကုန်သို့ ဆက်လက်ရွှေ့ပြောင်း လျက်ရှိသည်ဟု စောင့်ကြည့်သူများက ဆိုသည်။

ထို့ကြောင်ပင် ယခုသီတင်းပတ်၏ ရန်ကုန်စာမျက်နှာထက်တွင် ရန်ကုန်အထည် ချုပ်ကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တစ်ဖက်တစ်လမ်းမှ ထောက်ကူပေးနေသော “အောင်မြင်မှု အကြောင်း ရေးသားဖော်ပြ လိုက်ရပါသည်။ ။

ရှင်နော်၊ ဓာတ်ပုံ - AMH