ရန်ကုန်-နေပြည်တော်အမြန်လမ်းမဘေးမှ အထောက်အထားမဲ့ ဝင်ရောက်လာသူ ၅၄ ဦး ဖမ်းဆီးရမိ

လှည်းကူး ၂၁ ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၂၅/၆)ဘေး တစ်ဖာလုံခန့်အကွာ တောတွင်း၌ ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၅၀ ခန့်က အထောက်အထားမဲ့ဝင်ရောက်လာသူ ၅၄ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးလှဝေ၊ လှည်းကူးမြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဘောနက်ကြီး စခန်းမှူးနှင့် နယ်မြေခံတပ်မတော်သားများ၊ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် အထောက်အထားမဲ့ဝင်ရောက်လာသူများ တွေ့ရှိကြောင်း သတင်းအရသွားရောက် စစ်ဆေးခဲ့ရာ အထောက်အထားမဲ့ ဝင်ရောက်လာသူ အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၃၀ စုစုပေါင်း ၅၄ ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းတို့သည် ရခိုင်ပြည်နယ် ကျောက်ဖြူ၊ စစ်တွေ၊ မင်းပြားနှင့် ဘူးသီးတောင်မြို့နယ်တို့တွင် နေထိုင်သူများဖြစ်ကြပြီး မလေးရှားနိုင်ငံသို့ သွားရောက် ရန်အတွက် ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရကာ ဖမ်းဆီးရမိသူများအား အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဥပဒေအရ အရေးယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)