ရန်ကုန်-မန္တလေး အမြန်လမ်း၌ ခရီးသည်ထံမှ ငွေကျပ် ၂၇ သိန်းကျော် ပစ္စည်းနှင့်ငွေများ ခါးပိုက်နိုက်သွားသူကို နာရီပိုင်းအတွင်း ဖမ်းဆီးရမိ

ရေတာရှည် ၁၂ သြဂုတ်

 

မြစ်ကြီးနား-ရန်ကုန် ပြေးဆွဲနေသော တက်နေလင်း ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်အမျိုးသား တစ်ဦးထံမှ ငွေကျပ် ၂၇ သိန်းကျော်ရှိ ပစ္စည်းနှင့်ငွေများ ခါးပိုက်နိုက်သွားသူကို ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရအမြန်လမ်းရဲစခန်းက သြဂုတ် ၁၂ ရက် နံနက် ၇ နာရီ  မိနစ် ၅၀ ခန့်က ပြစ်မှုကျူးလွန်သူအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သာဂရအမြန်လမ်း ရဲစခန်းမှ သိရှိရသည်။

 

ဖြစ်စဉ်မှာ မန္တလေးဘက်မှ ရန်ကုန်ဘက်သို့ ဦးလှမြတ်မင်း မောင်းနှင်လာသည့် YGN-2R/------ မြစ်ကြီးနား  -ရန်ကုန် ပြေးဆွဲနေသော တက်နေလင်း ခရီးသည်တင်ယာဉ်ပေါ်တွင် လိုက်ပါလာသော  ကိုကျော်ကျော်ဦး (၃၇)နှစ် မအူပင်မြို့နယ်နေသူ၏ ရွှေကြုတ်တစ်ခုပါ သံကြိုးဆက်ပုံ အလေးချိန် ၂ ကျပ်သားခန့်ရှိ ရွှေဆွဲကြိုးတစ်ကုံး၊ MI အမျိုးအစား ဖုန်းတစ်လုံး၊ ငွေစက္ကူရောရာ ၅ သိန်းကျော်ထည့်ထားသည့် အညိုရောင်ပိုက်ဆံအိတ်တစ်လုံး၊ NAVIFORCE အမျိုးအစား အနက်ရောင်နာရီတစ်လုံး ပျောက်ဆုံးသွားခဲ့ကြောင်း၊ ၎င်းနှင့် ကပ်လျက်အတူ စီးနင်းလာသော ခရီးသည်ဖြစ်သည့် ဦးတင်အေးမှာ အမြန်လမ်းမကြီး မိုင်တိုင် ၂၀၀ ခန့်တွင် ယာဉ်ပေါ်မှ ဆင်းကျန်ရစ်ခဲ့ကြောင်း သိရ၍ ပြစ်မှုကျူးလွန်သူကို ဖော်ထုတ်အရေးယူပေးရန် သာဂရအမြန်လမ်းရဲစခန်းတွင် ယင်းနေ့ နံနက် ၅ နာရီ ၄၅ မိနစ်က သတင်းပေးတိုင်တန်းခဲ့သည်။

 

သာဂရအမြန်လမ်းရဲစခန်း၊ စခန်းမှူး ရဲအုပ်ကျော်စွာလတ်နှင့် တာဝန်မှူး(အမှုစစ်) ရဲအုပ်ဝင်းကို ဦးစီးအဖွဲ့မှ အမြန်လမ်း ရဲစခန်းအသီးသီးကို သတင်းဖြန့်ဝေစုံစမ်းချက်များအရ ဆင်းနေရစ်ခဲ့သော တင်အေးဆိုသူမှာ မန္တလေး-ရန်ကုန် တောင်ပြာတန်းခရီးသည်တင်ယာဉ်ဖြင့် လိုက်ပါလာကြောင်း သတင်းအရ သာဂရအမြန်လမ်းရှေ့၌ ပိတ်ဆို့စစ်ဆေးခဲ့ရာ နံနက် ၇ နာရီ မိနစ် ၅၀ ခန့်တွင် တင်အေး (၆၄)နှစ် ရွှေတောင်မြို့နေသူကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှ ပျောက်ဆုံးပစ္စည်း ကျပ် ၂၇၄၀၀၀၀ တန်ဖိုးရှိ သက်သေခံပစ္စည်းများကို ပြန်လည်သိမ်းဆည်းရမိသဖြင့် သာဂရအမြန်လမ်းရဲစခန်းက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

 

ကိုလွင်(ဆွာ)