ရန်ကုန်-ကူမင်း ခရီးစဉ် စတင်ပြေးဆွဲ

ရန်ကုန်  ၁၆  အောက်တိုဘာ

တရုတ်နိုင်ငံ ယူနန်ပြည်နယ် မြို့တော် ကူမင်းမြို့နှင့် ရန်ကုန်မြို့သို့ ပျံသန်းမည့် ရန်ကုန်-ကူမင်းခရီးစဉ်၏ ပထမဆုံးပြေးဆွဲ ပျံသန်းမှုကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အောက်တိုဘာ ၁၅ ရက်နေ့ နံနက်က စတင်ခဲ့သည်။

အဆိုပါလေကြောင်းခရီးစဉ်တွင် ပြေးဆွဲမည့် လေယာဉ်မှာ ဘိုးရင်း-၇၃၈ အမျိုးအစားလေယာဉ်ဖြစ်ပြီး ခရီးသည် ၁၆၀ လိုက်ပါနိုင်ကာ တစ်ပတ်လျှင် လေးကြိမ် ပျံသန်းပြေးဆွဲသွားမည်ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ တရုတ်လေကြောင်းလိုင်း ၁၁ လိုင်မှ တရုတ်နိုင်ငံမှ မြို့ပေါင်း ၁၆ မြို့နှင့် ရန်ကုန်မြို့သို့ ချိတ်ဆက်ပြေးဆွဲလျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ၃၅ လိုင်းမှ အပြည်ပြည်ဆိုင်ရာ ခရီးစဉ် ၃၃ ခုကို ချိတ်ဆက်ပျံသန်းလျက်ရှိကြောင်း သိရသည်။

ယခုနှစ် ပထမကိုးလအတွင်း အပြည်ပြည်ဆိုင်ရာလေဆိပ်မှတစ်ဆင့် ဝင်ရောက်လာသော တရုတ်ခရီးသွား အရေအတွက်မှာ ၂၁၉၂၄၂ ဦးဖြစ်ပြီး ယခင်နှစ် ကာလတူကာလတွင် ဝင်ရောက်ခဲ့သော ၁၂၀၉၇၈ ဦးနှင့် နှိုင်းယှဉ်လျှင် ၈၁ ရာခိုင်နှုန်းမြင့်တက်လာကြောင်း သိရသည်။

ယခုကဲ့သို့ လေကြောင်းလိုင်းသစ် တိုးချဲ့ပျံသန်းပြေးဆွဲခြင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အနေဖြင့် မြန်မာနိုင်ငံသို့ လေကြောင်းမှတစ်ဆင့် လာရောက်လည်ပတ်သော တရုတ်ခရီးသွားဈေးကွက်၏ ပိုမိုအားကောင်းလာမှုကို တစ်ဖက်တစ်လမ်းမှ ထောက်ပံ့ပေးသွားနိုင်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့အလင်း