ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ (Reform Workshop) ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၁၇

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၏ စီမံအုပ်ချုပ်မှု ကောင်းမွန်ရေးနှင့် စွမ်းဆောင်ရည် မြင့်မားတိုးတက်စေရေးအတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Reform Workshop) ကို ယနေ့ နံနက်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ် (၁) ၊ အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုပေးနိုင်သည့် ဝန်ကြီးဌာနဖြစ်ရေး၊ လုပ်ငန်းများ ပိုမိုလျင်မြန်ထိရောက်စွာဖြင့် လုပ်ဆောင်နိုင်မည့် ဝန်ကြီးဌာနတွင်း အုပ်ချုပ်စီမံခန့်ခွဲမှု စနစ်ကောင်းတစ်ခု ပေါ်ပေါက်လာရေး၊ ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ဌာနများအကြား ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ အချက်အလက်များ ကိုးကားအသုံးပြုခြင်းဖြင့် မူဝါဒပိုင်း၊ အုပ်ချုပ်မှုပိုင်းတွင်လည်း အရည်အသွေး ပြည့်ဝသည့် ယန္တရားတစ်ရပ်ဖြစ်ပေါ်ရေးနှင့် စပ်လျဉ်း၍ ဖော်ထုတ်ဆွေးနွေးရန် ကိစ္စများကို မှာကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော်က မိမိဝန်ကြီးဌာန၏ ရှေ့ဆက်လက်သွားမည့် ခရီးစဉ်တွင် အားလုံးပါဝင်ပြီး ညီညွတ်ခိုင်မာသည့် အဖွဲ့အစည်း (Strong Institution) ဖြစ်လာစေရေး၊ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များကို ဝန်ကြီးဌာနတစ်ခုလုံးမှ ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးဖြင့် ဦးဆောင်မှုပုံစံ Collective Leadership ဖြင့် ဆောင်ရွက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။  

 

ထို့နောက် အမြဲတမ်းအတွင်းဝန်က အလုပ်ရုံဆွေးနွေးပွဲနှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အစီအစဉ်များ၊ နောက်ခံအကြောင်းအရင်းနှင့် စီစဉ်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီး၊ အလုပ်ရုံ ဆွေးနွေးပွဲမှ ရရှိလာသည့် ဆွေးနွေးချက်များကို ဆန်းစစ်သုံးသပ်ကာ လက်တွေ့အကောင်အထည်ဖော်နိုင်မည့် ဝန်ကြီးဌာန၏ ပြုပြင်ပြောင်းလဲရေးစီမံချက်တစ်ရပ် ရေးဆွဲဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။

 

 နှစ်ရက်ကြာကျင်းပမည့် အလုပ်ရုံဆွေးနွေးပွဲသို့ အဓိကပါဝင်ဆွေးနွေးမည့် ဝန်ထမ်းများ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများ တက်ရောက်ခဲ့သည်။ ထို့ပြင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်ရုံးခွဲတို့မှ ဝန်ထမ်းများကလည်း Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

 

သတင်းစဉ်