ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မိုင်းရယ်မြို့နယ်နှင့် တန့်ယန်းမြို့နယ်တို့မှ ကိုဗစ်-၁၉ ကော်မတီ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့နှင့် တွေ့ဆုံ

ဟိုပန် ၂၄ စက်တင်ဘာ

ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် တာဝန်ရှိသူများသည် စက်တင်ဘာ ၂၃ ရက် နံနက် ၁၀ နာရီခွဲက ရှမ်းပြည်နယ်(မြောက်ပိုင်း) ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မြို့နယ် ကိုဗစ်-၁၉ ကော်မတီ၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲနှင့် ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးရုံးခန်းမ၌၌ တွေ့ဆုံကြောင်း သိရသည်။

ရှေးဦးစွာ ‘ဝ’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦး အဲလီရှဲမှ မဲဆန္ဒရှင်စာရင်းများ၊ မဲရုံများ၊ လုံခြုံရေးကိစ္စရပ်များ စသည့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြီး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးမင်းကျော်သူမှ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ်မှုအခြေအနေ၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် စစ်ဆေးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဟိုပန်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ထောက်ပံ့ငွေကျပ် (၁၀)သိန်းနှင့် ကျန်းမာရေးသုံးပစ္စည်းဖြစ်သည့် mask (၂၅၀၀)ခု ပေးအပ်ရာမြို့နယ် ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ ဦးမင်းသူမှလက်ခံရယူပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အသက်(၈၀)နှင့် (၈၅)နှစ်အတွင်းရှိ ဘိုး/ဘွား (၆၂)ဦးအတွက် ထောက်ပံ့ငွေများကို ဗမာတိုင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှ ပေးအပ်ရာ ခရိုင်လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ဖြိုးဖြိုးသက်မှ လက်ခံရယူကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကားပြောကြားပြီး သံလွင်မြစ်ကူး ကွမ်းလုံတံတားနှင့် လျာထားကွမ်းလုံ မြို့ရှောင်လမ်း ဖောက်လုပ်ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် တံတားစတင်တည်ဆောက် ဆောင်ရွက်နေမှုအား ကြည့်ရှုကာ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရှိရသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စက်တင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီခွဲက သိန္နီမြို့နယ် ကိုဗစ်-၁၉ ကော်မတီ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် မိုင်းရယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။

ရှေးဦးစွာ မိုင်းရယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နန်းစုနိုင်ဦးမှ မဲဆန္ဒရှင်စာရင်းများ မဲရုံများ၊ လုံခြုံရေးကိစ္စရပ်များ၊ လျှပ်စစ်မီးကိစ္စရပ်များ စသည့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြီး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသန်းလွင်မှ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ်မှုအခြေအနေ၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် စစ်ဆေးမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်တို့မှ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ထောက်ပံ့ငွေကျပ် (၁၀)သိန်းနှင့် ကျန်းမာရေးသုံးပစ္စည်းဖြစ်သည့် mask(၂၅၀၀)ခု ပေးအပ်၍လည်းကောင်း၊ သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်စွာထွဋ် Shining Myanmar Co.,Ltd. မှ အလှူငွေကျပ် (၅)သိန်းကိုလည်းကောင်း ပေးအပ်ရာ မြို့နယ် ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်မှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲက တန့်ယန်းမြို့နယ် ကိုဗစ်-၁၉ ကော်မတီ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တန့်ယန်းမြို့နယ်ခန်းမ၌ တွေ့ဆုံသည်။

ရှေးဦးစွာ တန့်ယန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုင်းစံအေးမှ မဲဆန္ဒရှင်စာရင်းများ မဲရုံများ၊ လုံခြုံရေးကိစ္စရပ်များ၊ လျှပ်စစ်မီးကိစ္စရပ်များ စသည့် ကြိုတင်ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြီး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်းမှ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ်မှုအခြေအနေ၊ ကျန်းမာရေးအသိ ပညာပေးခြင်းနှင့် စစ်ဆေးမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်တို့က မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ထောက်ပံ့ငွေကျပ် (၁၀)သိန်းနှင့် ကျန်းမာရေးသုံးပစ္စည်းဖြစ်သည့် mask (၂၅၀၀)ခု ကိုလည်းကောင်း၊ သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်စွာထွဋ် Shining Myanmar Co;Ltd. မှ အလှူငွေကျပ် (၅)သိန်းကိုလည်းကောင်း ပေးအပ်ကြရာ မြို့နယ် ကိုဗစ်-၁၉ ကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင်ထွန်းမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)/ ပြန်/ဆက်