ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နောင်ချိုမြို့နယ် ကိုဗစ်-၁၉ ကော်မတီ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့နှင့် တွေ့ဆုံ

နောင်ချို ၂၁ စက်တင်ဘာ

 

ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်း၊ ညွှန်ကြားရေးမှူး ဦးထင်ကျော်အေး တို့နှင့်အတူ စက်တင်ဘာ ၂၁ ရက် နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နောင်ချိုမြို့နယ်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ် ကိုဗစ်-၁၉ ကော်မတီ၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတို့နှင့် တွေ့ဆုံကြောင်း သိရသည်။

 

တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်ဦးမှ မဲရုံကိစ္စရပ်များ၊ မြို့နယ်လုံခြုံရေး၊ လူလုံခြုံရေး၊ လမ်းလုံခြုံရေးနှင့် စည်းရုံးရေးကာလဖြစ်သောကြောင့် လုံခြုံရေး ကိစ္စရပ်များကို ဆောင်ရွက်ထားမှု အခြေအနေများရှင်းလင်းပြီး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းမှ နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှုနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းတို့မှ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံသို့ ထောက်ပံ့ငွေကျပ် (၁၀)သိန်းနှင့် ကျန်းမာရေးသုံးပစ္စည်းများ ဖြစ်သည့် mask (၂၅၀၀)ခုတို့ကို ပေးအပ်ရာ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ နောင်ချိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းက လက်ခံရယူသည်။ ထို့နောက် ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာနဲ့အဝန်း ဖြစ်ပွားနေသည်ကို အားလုံးအသိဖြစ်ပါကြောင်း၊ ရောဂါထိန်းချုပ်မှုနှင့် ပတ်သက်၍ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌမှ ရှင်းပြသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ နောင်ချိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် အားလုံးက ဝိုင်းဝန်းထိန်းသိမ်းပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ကျန်းမာရေးကိုလည်း အထူးဂရုစိုက် ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

 

မောင်မောင်သန်း(တောင်ကြီး)