ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ကျောက်မဲခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကော်မတီ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တွေ့ဆုံ

ကျောက်မဲ ၂၁ စက်တင်ဘာ

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ကော်မတီ၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတို့နှင့် စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီက ကျောက်မဲမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံကြောင်း သိရသည်။

 

ထို့သို့တွေ့ဆုံရာတွင် ကျောက်မဲခရိုင် ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးထွန်းဝင်းမှ မဲရုံနှင့် မဲစာရင်းများ၊ မဲဆွယ်စည်းရုံးရေးကာလနှင့် ပတ်သက်သည့်ကိစ္စရပ်များ၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်တွင် ခရိုင်/မြို့နယ်အဖွဲ့များဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့မှ ကြီးကြပ်ထောက်ပံ့မှုဖြင့် ဆောင်ရွက်နေကြောင်း ရှင်းလင်းပြီး မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းမှ ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေ၊ ကျန်းမာရေး စစ်ဆေးရေးဂိတ်ဖွင့်လှစ်မှု အခြေအနေ၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် စစ်ဆေးမှုအခြေအနေ၊ Facillity Quarantine ဖွင့်လှစ်ထားမှုအခြေအနေ၊ နိုင်ငံရေးပါတီအခြေအနေ၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက် ကျောက်မဲမြို့နယ်၏ မဲဆန္ဒနယ်မြေအလိုက် မဲဆန္ဒရှင်စာရင်းတို့ကို ရှင်းလင်းတင်ပြကြကြောင်း သိရသည်။

 

ဆက်လက်၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ဒေါက်တာလင်းထွဋ်မှ မြိူ့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပါ်တုံ့ပြန်ရေးကော်မတီသို့ ထောက်ပံ့ငွေကျပ် (၁၀)သိန်းနှင့် ကျန်းမာရေးသုံးပစ္စည်း mask (၂၅၀၀)ခု၊ ကျောက်မဲခရိုင်အတွင်းရှိ အသက် (၈၀ နှင့် ၈၅)နှစ်ကြား ဘိုးဘွား (၂၁၈၄)ဦးအတွက် ထောက်ပံ့ ငွေကျပ် ၆၅၅၂၀၀၀၀ တို့ကို ပေးအပ်ရာ မြို့နယ် ကိုဗစ်-၁၉ ကော်မတီ ဥက္ကဋ္ဌနှင့် ခရိုင်အုပ်ချုပ်ရေးမှူးတို့က လည်းကောင်း၊ ကျောက်မဲမြို့နယ်အတွင်းရှိ ထပ်တိုးမသန်စွမ်းသူများအား ထောက်ပံ့ငွေကျပ် ၈၁၀၀၀၀ တို့ကို ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်မှ ပေးအပ်ပေးရာ ခရိုင်လူမှုဝန်ထမ်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက လည်းကောင်း အသီးသီးလက်ခံရယူကြောင်း သိရသည်။

 

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကား ပြောကြားရာ ကိုဗစ်-၁၉ ကော်မတီအဖွဲ့များကို ထောက်ပံ့ငွေများ၊ ဆေးပစ္စည်းများ လာရောက်ထောက်ပံ့ရခြင်း ဖြစ်ပါကြောင်း၊ ကော်မရှင်အဖွဲ့အသီးသီးကိုလည်း သွားရောက်အားပေးစကား ပြောကြားခဲ့ပါကြောင်း၊ ပြည်သူများအနေဖြင့် မဲဆန္ဒရှင်များ မိမိကြိုက်နှစ်သက်ရာပါတီများအား မဲပေးနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးကြရန်နှင့် မဲပေးသည့်နေရာတွင်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအနေဖြင့် တစ်ဦးနှင့်တစ်ဦး (၆)ပေကွာစီ ခြားထားကြရန်၊၊ mask တပ်ကြရန်၊ လက်ကို စနစ်တကျဆေးကြောကြရန် စသဖြင့် ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းတွင် ချယ်ရီပင်များ စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)

 

mdn