ရှမ်းပြည်နယ်တွင် မိုးဆက်လက်ထစ်ချုန်းရွာနိုင်

နေပြည်တော် ၁၅ အောက်တိုဘာ

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ လွန်ခဲ့သော (၂၄)နာရီ အတွင်းက ကယားပြည်နယ်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေး တိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီး နှင့် ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ကာ မန္တလေးတိုင်းဒေသကြီးတွင် ဒေသအလိုက်နှင့် စစ်ကိုင်း တိုင်းဒေသကြီး အထက်ပိုင်းတွင် နေရာကွက်၍ မိုးကြီးခဲ့သည်။

 

မှတ်သားဖွယ်ရာ မိုးရေချိန် များမှာ ပုသိမ်ကြီး(ရွှေစာရံ)တွင် (၅.၆၉)လက်မ၊ ကလေးဝ မြို့တွင် (၃.၇၈)လက်မ၊ ကနီမြို့တွင် (၃.၆၂)လက်မ၊ စဉ့်ကိုင်မြို့တွင် (၃.၄၈)လက်မ၊ အမရပူရမြို့တွင် (၂.၅၈)လက်မ၊သာစည်မြို့ တွင် (၂.၄၈)လက်မ၊ ဝမ်းတွင်းမြို့တွင် (၁.၉၁)လက်မ၊ မတ္တရာမြို့တွင် (၁.၈၉)လက်မ၊ အုတ်ဖိုမြို့တွင် (၁.၈၀)လက်မ၊ တံတားဉီး(လေကြောင်း မိုးလေဝသ)တွင် (၁.၆၉)လက်မ၊ လှိုင်းတက်မြို့တွင် (၁.၆၅)လက်မနှင့် ကျောက်ဆည်မြို့နှင့် ဟင်္သာတမြို့တို့တွင် (၁.၅၈) လက်မစီတို့ ဖြစ်ကြသည်။

 

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ် အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေသည်။

 

1

 

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကွက်ကျား၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ချင်း ပြည်နယ်တို့တွင် နေရာ စိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့ တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်သည်။

 

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင် ပါသည်။

 

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ ရှမ်းပြည်နယ်တွင် မိုးဆက်လက်ထစ်ချုန်းရွာနိုင်ပါသည်။

 

နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ကြောင်း သိရသည်။

 

MDN