ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ကျေးရွာ ၅၅၇ ရွာကို တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးရရှိရေး ဆောင်ရွက်သွားမည်

နေပြည်တော်  ၂၀  အောက်တိုဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ကျေးရွာပေါင်း (၅၅၇) ရွာ၌ တစ်အိမ်သုံးဆိုလာစနစ် (Solar Home System- SHS) ဖြင့် လျှပ်စစ်မီးရရှိရေးကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနနှင့် ဂျာမန်ဖွံ့ဖြိုးရေး ဘဏ်(KfW)အဖွဲ့တို့ပူးပေါင်း၍ နိုင်ငံတော်ဘတ်ဂျက်၊ KfW အဖွဲ့ ထောက်ပံ့ရန်ပုံငွေ ယူရို ၇ သန်းနှင့် ပြည်သူ့ထည့်ဝင်ငွေများဖြင့် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၃၀ ပြည့် နှစ်တွင် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားရရှိစေရေးအတွက် ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း(National Electrification Project- NEP)ကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ မဟာဓာတ်အားလိုင်း ပြင်ပစနစ် ကျေးလက်မီးလင်းရေး လုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊  ထိုသို့ဆောင်ရွက်ရာတွင် ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့်သာမက အခြားသောနိုင်ငံတကာ ဖွံ့ရေးမိတ်ဖက်အဖွဲ့အစည်းများ နှင့်လည်းပူး ပေါင်းဆောင်ရွက်လျက်ရှိရာ ဂျာမန်ဖွံ့ဖြိုးရေးဘဏ် (KfW) အဖွဲ့အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကျေးလက် မီးလင်းရေးလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း သိရသည်။

 

စီမံကိန်း ဆောင်ရွက်ရာတွင် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (မဟာ ဓာတ်အားလိုင်း ပြင်ပ) (NEP (Off-Grid))အစီအစဉ်အရ သတ်မှတ်ထားရှိသည့် စီမံကိန်း ဆိုင်ရာ စံသတ်မှတ်ချက် များနှင့်အညီ စီမံကိန်းဧရိယာ ရွေးချယ်ဆောင်ရွက်ခြင်းဖြစ်ပြီး တစ်အိမ်သုံး ဆိုလာစနစ် (Solar Home System- SHS) ဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ၊ ကျေးရွာပေါင်း (၅၅၇) ရွာ၊ အိမ်ခြေပေါင်း (၂၃၀ဝ၀) ခန့် လျှပ်စစ်မီးရရှိရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါကျေးရွာများရှိ အများပြည်သူပိုင် အဆောက် အဦများ လျှပ်စစ်မီး ရရှိရေးအတွက် လမ်းမီးတိုင် (၂၆၇၂)တိုင်၊ စာသင်ကျောင်း (၃၃၇)ကျောင်း၊ ဆေးပေးခန်း(၆၀)၊ ဘာသာရေးအဆောက်အဦ (၃၇၅)လုံးအတွက် အများသုံး ဆိုလာ စနစ်(Public facilities) (၃၄၄၄) စုံကိုလည်း စီမံကိန်းရန်ပုံငွေမှ အခမဲ့ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တစ်အိမ်သုံးဆိုလာစနစ်များကို ဒေသခံပြည်သူများမှ မိမိပိုင်ပစ္စည်းကဲ့သို့ စနစ်တကျ ကိုင်တွယ် အသုံးပြုစေရန် ရည်ရွယ်၍ ဝပ် ၆၀ ဆိုလာစနစ်အတွက် ငွေကျပ် ငါးသောင်းနှင့် ဝပ် ၁၀ဝ ဆိုလာစနစ် အတွက် ငွေကျပ် တစ်သိန်းငါးသောင်း ပြည်သူ့အချိုးကျ အရစ်ကျစနစ်ဖြင့် နှစ်ကြိမ်ခွဲ၍ ထည့်ဝင်ရမည် ဖြစ်ပြီး ဆိုလာစနစ် တစ်စုံစာအတွက် ကျန်ရှိသည့် တန်ဖိုးကို စီမံကိန်းရန်ပုံငွေမှ ကျခံပေးမည် ဖြစ်ကြောင်း၊ စီမံကိန်းကျေးရွာရှိ အများပြည်သူပိုင် အဆောက်အဦများဖြစ်သည့် စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေး ကျောင်းနှင့် လမ်းမီးတိုင်များကို စီမံကိန်းရန်ပုံငွေမှ ရာနှုန်းပြည့် ထောက်ပံ့ပေးမည် ဖြစ်ကြောင်း၊ အိမ်သုံးဆိုလာစနစ်အတွက် ထည့်ဝင်ထားသည့် ပြည်သူ့ထည့်ဝင်ငွေ များအား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

(သတင်းစဉ်)