ရှမ်းပြည်နယ်မှ ထွက်ကုန်များဈေးကွက်ရရှိရေး မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းများမှ ကူညီဖြန့်ဖြူးပေး

၂ ဇွန်

 

ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေးထွက်ကုန်များအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ဈေးနှုန်းနှင့် ဝယ်လိုအားကျဆင်းမှုများ ဖြစ်ပေါ်လျက်ရှိရာ ထိုအခက်အခဲကို ဖြေရှင်းပေးရန်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်သည် တောင်ကြီးမြို့နယ်၊ ပင်းတယမြို့နယ်များရှိ ဂေါ်ဖီထုပ်စိုက်ပျိုးသော တောင်သူများထံမှ တစ်ထုပ်လျှင် ၁၅၀ ကျပ်နှုန်းဖြင့် အထုပ်ရေ ၅၀ဝ၀ ကို ဝယ်ယူခဲ့ကြောင်း သိရသည်။

 

ထိုသို့ဝယ်ယူပြီး မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်နှင့် ချိတ်ဆက်၍ ၁၂ ဘီးကားကြီးများဖြင့် သယ်ဆောင်ကာ မန္တလေးခရိုင် (၆)ခု၊ သာစည်၊ ရမည်းသင်း၊ ပျော်ဘွယ်၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ မြစ်သား၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ တံတားဦး၊ ငါန်းဇွန် စသည့် (၁၆)မြို့နယ်ရှိ သမဝါယမအသင်းသားပြည်သူများထံသို့ လက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် တစ်ထုပ်လျှင် ငွေကျပ် ၁၅၀ နှုန်းဖြင့်သာ အမြတ်မယူဘဲ ပြန်လည်ရောင်းချပေးခြင်းတို့ကို သမဝါယမကဏ္ဍအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးထံမှ သိရှိရသည်။

 

MDN

ဓာတ်ပုံ- သမဝါယမဦးစီးဌာန