ရှမ်းပြည်နယ်က နယ်စပ်ထွက်ပေါက် ထိုင်း/ တရုတ်/လာအို နယ်စပ်ထွက်ပေါက်တွေနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ တကယ့်ကို အကြီးဆုံး ပြည်နယ်ဖြစ်ပါတယ်

တွေ့ဆုံမေးမြန်း-စိုးညွန့်ရွှေ(ပြန်/ဆက်)

 

ရှမ်းပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ဧပြီလ ၂၀ ရက်နေ့အထိ အတည်ပြုလူနာ လေးဦး၊ Community Based Facility Quarantine ထားရှိသူ ၄ဝဝ၈ ဦးနှင့် Home Quarantine ထားရှိသူ ၅၁၃၈ ဦးရှိခြင်းတို့ ရှိပါသည်။ ရောဂါ ထပ်မံဖြစ်ပွားမှုမရှိစေရန်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ် Coronavirus Disease 2019 (covID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများအား ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်ထံ သွားရောက်မ ေးမြန်းခဲ့သည်များကို ရေးသားတင်ပြလိုက်ရပါသည်-

 

မေး ။ ။ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ လက်ရှိဆောင်ရွက်နေမှု အခြေအနေများကို သိလိုပါတယ်။

 

ဖြေ ။ ။ ရှမ်းပြည်နယ် အစိုးရအနေနဲ့ အခုလောလောဆယ် ဘာတွေဆောင်ရွက် နေသလဲဆိုရင် ရှမ်းပြည်နယ်အစိုးရကို ငွေကြေးလှူဒါန်းတာရှိတယ်၊ ဆန်အိတ်လှူဒါန်းတာရှိတယ်၊ နောက်ပြီး ကာကွယ်ရေးပစ္စည်းတွေ လှူဒါန်းတာတွေ ရှိပါတယ်။ အဲဒီတော့ လာလှူတဲ့ပစ္စည်းတွေကို သက်ဆိုင်ရာ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ဆေးရုံတွေကို ကျွန်တော်တို့က ဆေးရုံတွေရဲ့ capacity အလိုက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေက ရှမ်းမြောက်ခရီးစဉ်၊ ရှမ်းအရှေ့ ခရီးစဉ်တွေ အခုသွားနေပါတယ်။ တစ်မြို့နယ်ဝင်၊ တစ်မြို့နယ်ထွက်နဲ့ လိုအပ်တာတွေကို ဒီကာကွယ်ရေးပစ္စည်းတွေ နောက်ပြီး လိုအပ်တဲ့ ကာကွယ်ရေးပစ္စည်းတွေ ထောက်ပံ့မှုလုပ်တယ်။ နောက်ပြီးတော့ လိုအပ်တဲ့ ငွေကြေးထောက်ပံ့မှုရှိတယ်။

 

နောက်တစ်ခုကကျတော့ သက်ဆိုင်ရာ စာသင်တိုက်တွေမှာရှိတဲ့ ရဟန်းသံဃာတွေ ဆွမ်းဘုဉ်း အဆင်မပြေတာတွေ ကိုလည်း တတ်နိုင်သလောက် လှူဒါန်းတာတွေရှိတယ်။ ရှမ်းမြောက်၊ ရှမ်းအရှေ့ဝန်ကြီးချုပ်နဲ့ ဝန်ကြီးအချို့ လိုက်ပါသွား ပါတယ်။ ရှမ်းတောင်ခရီးစဉ်မှာတော့ ကျွန်တော်နဲ့ လျှပ်စစ်ဝန်ကြီးက တာဝန်ယူပြီးတော့ တစ်မြို့နယ်ဝင် တစ်မြို့ နယ်ထွက် ဆောင်ရွက်လျက်ရှိပါတယ်။ အဓိကထောက်ပံ့တဲ့ တစ်ခုကတော့ Positive လူနာရှင်နဲ့ ဆေးရုံမှာရှိတဲ့ ကျန်းမားရေးဝန်ထမ်းအားလုံးအတွက် နေ့စဉ် ကုန်ကျစရိတ်၊ စားစရိတ်၊ သောက်စရိတ် နောက်ပြီး သူတို့ရဲ့ အားဖြည့် အစားအစာ/ဆေးဝါး အစရှိတဲ့ နေ့စဉ်ကုန်ကျစရိတ်ကို Quarantine ဝင်ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို နေ့စဉ် ထောက်ပံ့လျက်ရှိပါတယ်။

 

မေး ။ ။ အခုလက်ရှိအခြေအနေအရ ရှမ်းပြည်နယ်အတွင်းမှာ အတည်ပြုလူနာ လေးဦးနဲ့ Quarantine ထားရှိသူ ကိုးထောင်ကျော် ရှိနေတယ်လို့ သိရပါတယ်။ ဒီနေ့မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ သက်ဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသနဲ့ ခရိုင်မြို့နယ်အလိုက် ညမထွက်ရအမိန့်ထုတ်ပြန်သွားဖို့ အကြောင်းကြားထားတာ ရှိတယ်လို့ သိရပါတယ် အဲဒီ အခြေအနေကိုလည်း ရှင်းပြပေးပါဦး။

 

ဖြေ ။ ။ ကျွန်တော်တို့ဒီ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီ (ရှမ်းပြည်နယ်)က နေပြီးတော့ ညမထွက်ရ အမိန့်ကို ဧပြီလ ၂၀ ရက်နေ့မှာ ရှမ်းပြည်နယ် အစိုးရအဖွဲ့က ထုတ်ပြန်ပါတယ်။ အဓိက ထုတ်ပြန်တာ ကတော့ ရှမ်းပြည်နယ်မှာ အတည်ပြု လူနာလေးဦး ရှိပါတယ်။ အဲ့ဒီအတည်ပြုလူနာ လေးဦးအပြင် Community Based Facility Quarantine ထားရှိသူ ၄၀၀၈ ဦး ရှိပြီးတော့ Home Quarantine ထားရှိလူက ၅၁၃၈ ဦး ရှိပါတယ်။ အဲဒီတော့ အဓိက ညမထွက်ရအမိန့်ရဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့ ရောဂါထပ်မံဖြစ်ပွားမှုမရှိစေရန် ကာကွယ်ထိန်းချုပ် တုံ့ပြန်ကုသရေးအတွက် အဓိကရည်ရွယ်ပါတယ်။ အဲဒီတော့ ဆက်လက်ပြီးတော့လည်း ရောဂါပြန့်ပွားမှု တကယ်လို့ out-break ဖြစ်သွားတယ်၊ ပျံ့နှံ့မှုက များလာတယ်။ ဆိုရင် စောစောတုန်းက ညမထွက်ရအမိန့်ကို ရောဂါပြန့်ပွားမှု ကာကွယ်ထိန်းချုပ်နိုင်မှုအပေါ် မူတည်ပြီးတော့ အချိန်အတိုးအလျှော့လုပ်သွားဖို့ အစီအစဉ် ရှိပါတယ်။ ဘာပဲပြောပြော ဒီလိုညမထွက်ရ အမိန့်ထုတ်ပြန်လိုက်တာလည်း ည ၁၀ နာရီကနေ မနက် ၄ နာရီအထိပေါ့။ အဲဒီအချိန်မှာကတော့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ ယာဉ်တွေ/ လူနာတင်ယာဉ်တွေကိုတော့ ခွင့်ပြုထားမှာ ဖြစ်ပါတယ်။

 

မေး ။ ။ ရှမ်းပြည်နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီမှာ ဝန်ကြီးအနေနဲ့ တာဝန်ယူ ဆောင်ရွက်ပေးနေတဲ့လုပ်ငန်းတွေကို ပြောပြပေးစေလိုပါတယ်။

 

ဖြေ ။ ။ ကျွန်တော် တာဝန်ယူထားတဲ့ လုပ်ငန်းကော်မတီကတော့ စားနပ်ရိက္ခာထောက်ပံ့ ရေးကော်မတီ၊နောက် ကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီ၊ နောက် ဘဏ္ဍာငွေကြီးကြပ်ရေး ကော်မတီဆိုပြီးတော့ ကျွန်တော် ဒီသုံးခုမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက် လျက်ရှိပါတယ်။ စားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီက ဘာတွေဆောင်ရွက် သလဲဆိုရင် နှစ်ပိုင်း ရှိပါတယ်။

 

ဗဟိုကော်မတီရဲ့ လမ်းညွှန်ချက်နဲ့ ဝင်ငွေနည်းပါး ပြည်သူတွေကို ထောက်ပံ့ရေးအစီအစဉ်ကို ရှမ်းပြည်နယ်က အိမ်ထောင်စု တစ်သိန်းကျော်ကို အောင်မြင်စွာထောက်ပံ့ပြီး ဖြစ်ပါတယ်။ ရှမ်းပြည်နယ်အစိုးရအနေနဲ့ ကျူးကျော် စာရင်းတွေ၊ အိမ်ထောင်စုစာရင်းမရှိတဲ့ ပုဂ္ဂိုလ်တွေ၊ ပါသင့်ပါထိုက်တဲ့ပုဂ္ဂိုလ်တွေ မပါတာတွေကိုလည်း ထပ်မံ စာရင်းကောက်ခံပြီး ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

 

ဒုတိယအပိုင်းအနေနဲ့ ရှမ်းပြည်နယ်အစိုးရနဲ့ ပူးတွဲဆောင်ရွက်တဲ့ ပြည်သူစားနပ်ရိက္ခာ ထောက်ပံ့ရေး ကော်မတီဆိုပြီး နောက်ထပ်တစ်ခု ရှိပါတယ်။ ပရဟိတ အုပ်စုတွေ၊ နောက်ပြီး တောင်ကြီးမြို့ပေါ်ရှိ ပရဟိတ လူမှုရေးအသင်းတွေ၊ အဖွဲ့အစည်းတွေအားလုံးကို ဝိုင်းဝန်းပူးပေါင်း ပါဝင်တဲ့ကော်မတီ ဖြစ်ပါတယ်။ အဲဒီ ကော်မတီကတော့ စားနပ်ရိက္ခာ အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ငရုတ်၊ ကြက်သွန်တွေ ထောက်ပံ့ဖို့ အိမ်ထောင်စုတစ်ဦးစာအတွက် ကြိုတင်ပြင်ဆင်ထားတာ ရှိပါတယ်။ လောလောဆယ် အိမ်ထောင်စုတစ်သိန်းအထက်ကို စီစဉ်ထားပြီး ဖြစ်ပါတယ်။ ရှမ်းပြည်နယ်အစိုးရက ပြည်နယ်ဝန်ကြီးချုပ်ရယ်၊ ကျွန်တော်ရယ်၊ KBZ နာယကကြီး ဦးအောင်ကိုဝင်းတို့က နာယကအဖြစ် ဆောင်ရွက်ပေး လျက်ရှိပါတယ်။ ဒီဟာတွေကို ဘယ်အချိန်မှာ ထုတ်မလဲ လှူဒါန်းမလဲ၊ ထောက်ပံ့မလဲ ဆိုတာကတော့ ပြည်နယ် ဝန်ကြီးချုပ်တို့၊ ဆရာ ဦးအောင်ကိုဝင်းတို့ရဲ့ အရေးပေါ်ရောဂါဖြစ်ပွားမှုပျံ့နှံ့မှု အပေါ်မူတည်ပြီး ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

 

မေး ။ ။ ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီရဲ့ ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်း ပြောပြပေးပါဦး။

 

ဖြေ ။ ။ ရှမ်းပြည်နယ်အတွက် တကယ်လို့ ရိက္ခာပြတ်တောက်သွားမှာတွေကို ကုန်ဈေးနှုန်း မတက်အောင်ဆိုပြီးတော့ ဆန်အိတ်ဂိုဒေါင်ထဲမှာ အိတ်ပေါင်းတစ်သောင်းကျော် ရှိပါတယ်။ နောက်ကုလားပဲ၊ ဆား၊ ဆီ လိုအပ်တဲ့ စားနပ်ရိက္ခာတွေအတွက် သိုလှောင်ထားပြီး ဖြစ်ပါတယ်။ ရှမ်းပြည်နယ် အစိုးရအနေနဲ့ ကုန်ဈေးနှုန်း တည်ငြိမ်ရေးနဲ့ ပြည်သူ့ရိက္ခာဖူလုံရေးအတွက် ရှမ်းတောင်မှာစီစဉ်သလို ရှမ်းမြောက်၊ ရှမ်းအရှေ့ကိုလည်း စီစဉ်ဖို့အတွက် သက်ဆိုင်ရာ ဌာနတွေကို  ကော်မတီဖွဲ့ပြီး လမ်းညွှန်မှာကြားထားပြီး ဖြစ်ပါတယ်။

 

မေး ။ ။ ရှမ်းပြည်နယ်က တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနဲ့ လာအိုနိုင်ငံတို့နဲ့ နယ်စပ် နယ်နိမိတ် ထိစပ်နေတဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ နယ်စပ်ကိစ္စဆောင်ရွက်နေမှု အခြအနေတွေကိုလည်း ရှင်းပြပေးစေ လိုပါတယ်။

 

ဖြေ ။ ။ ရှမ်းပြည်နယ်က နယ်စပ်ထွက်ပေါက် ထိုင်း/တရုတ်/လာအို နယ်စပ်ထွက်ပေါက်တွေနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ တကယ့်ကို အကြီးဆုံး ပြည်နယ် ဖြစ်ပါတယ်။ တကယ်တမ်းကျရင် ကူးစက်မှုကို အများထင်တဲ့အတိုင်း ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်က အကြောက်ရဆုံးလို့ ခန့်မှန်းကြတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ဆီမှာက ထင်သလောက် ဖြစ်မလာဘူး။ ဒီဖြစ်မလာဘူးဆိုတာကတော့ ဒီကျေးလက်နေ ပြည်သူတို့ရဲ့ ပူးပေါင်းပါဝင်မှု ၊ ပြည်တော်ပြန်တွေ ထိုင်း/ တရုတ်က ပြန်လာတဲ့လူတွေကိုလည်း ဒေသခံကျေးရွာကနေ စနစ်တကျ Quarantine ရွာအပြင်မှာ လုပ်တာ စာသင်ကျောင်းတွေမှာလုပ်တာ ပြည်သူလူထုနဲ့ ကျေးလက်နေ ပြည်သူလူထုရဲ့ စနစ်တကျ ကျန်းမာရေးအသိဉာဏ် မြင့်မားပြီး ပူးပေါင်းပါဝင်မှု ကြောင့်လည်း ထိန်းချုပ်နိုင်တယ်လို့ ပြောလို့ရပါတယ်။

 

နယ်စပ်က ဝင်ရောက်မှုတွေကိုလည်း ကျေးရွာက စနစ်တကျ ထိန်းချုပ်နိုင်တဲ့အတွက် ကျွန်တော်တို့ အတိုင်းအတာ တစ်ခုထိ အောင်မြင်တယ်လို့ ပြောလို့ရပါတယ်။ အခု ရှမ်းပြည်နယ်မှာ Positive လူနာ လေးဦးရှိနေပြီး သူနဲ့ထိတွေ့ခဲ့တဲ့ သူတွေကိုလည်း ကျွန်တော်တို့ရဲ့ အဓိကရန်သူဖြစ်တဲ့ ကိုဗစ်-၁၉ ရောဂါက လက်တကမ်းအလိုမှာ ရောက်နေပါတယ်။ အဲဒီတော့ ဒီQuarantine က အချင်းချင်း ဒီရောဂါ Positive လူနာကိုလည်း ကြောက်စရာမလိုဘူး၊ စောင့်ကြည့် လူနာကိုလည်း ကြောက်စရာမလိုဘူး၊ အဓိကက ကျွန်တော်တို့ ရန်သူကိုပဲ ကြောက်ရမှာ။ ဒီရန်သူကို ကျွန်တော်တို့ ညီညီညွတ်ညွတ်နဲ့ တိုင်းရင်းသား ညီအစ်ကိုမောင်နှမ ပူးပေါင်းပြီး တိုက်ထုတ်နိုင်မှသာလျှင် ဒီကပ်ကြီးကို ကျော်လွှား နိုင်မှာ ဖြစ်ပါတယ်။

 

မေး ။ ။ ရှမ်းပြည်နယ် ပြည်သူလူထုအပေါ် ကိုဗစ်-၁၉ ရောဂါနဲ့ စပ်လျဉ်းပြီး အသိပေးလိုတာတွေရှိရင် ပြောကြားပေးစေလိုပါတယ်။

 

ဖြေ ။ ။ ဘာပဲပြောပြော ကျွန်တော်တို့ ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသား ညီအစ်ကို မိဘပြည်သူအပေါင်းအနေနဲ့ မိမိတို့ ပတ်ဝန်းကျင်မှာ Positive လူနာနဲ့ ထိတွေ့ခဲ့သည်ရှိသော် ဒါမှမဟုတ် မိမိရဲ့ ပတ်ဝန်းကျင်မှာ သံသယလူနာလို့ ထင်ရတဲ့သူရှိခဲ့သော် ကျွန်တော်တို့ နီးစပ်ရာ ကျေးလက်ကျန်းမာ ရေးဌာနတွေမှာ မိမိရဲ့ ကိုယ်ပိုင်အသိစိတ်နဲ့ သွားရောက်ပြီး Quarantine ဝင်တာဟာ အကောင်းဆုံးဆောင်ရွက်ချက် ဖြစ်ပါတယ်။ နိုင်ငံကြီးသားလည်း ပီသပါတယ်။ တိုင်းပြည်တာဝန်ကိုလည်း ထမ်းဆောင်တာ ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော့်အနေနဲ့ ရှမ်းပြည်နယ် အစိုးရအနေနဲ့ လေးလေးစားစား ပြောကြားလိုပါတယ်။ တိုက်လည်း တိုက်တွန်းပါတယ်။