ရှမ်းပြည်နယ်အတွင်းရှိ မိသားစု ၂၂၅၀၄ စုအား ရိက္ခာထုပ်နှင့် ငွေကျပ် တစ်သောင်းစီ ဖြန့်ဝေလှူဒါန်း

တောင်ကြီး ၄ ဇွန်

 

ကမ္ဘောဇဘဏ်လီမိတက်၏ မတည်လှူဒါန်းငွေ ကျပ်သိန်း ၁၀ဝ၀ဝ နှင့် အများပြည်သူလှူဒါန်းငွေများဖြင့် ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသည့် တိုင်းရင်းသားပြည်သူများ၊ တိုက်ပွဲရှောင်စခန်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ပရဟိတကျောင်းများသို့ စားနပ်ရိက္ခာနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ လှူဒါန်းပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းအထိ အခြေခံပြည်သူမိသားစုပေါင်း ၂၂၅၀၄ စုကို ရိက္ခာထုပ်များ ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံဆိုင်၊ ကမ္ဘောဇဘဏ် လီမိတက်နာယက ဦးအောင်ကိုဝင်းတို့ ဦးဆောင်သော စားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီအဖွဲ့ဝင်များသည် အခြေခံပြည်သူများထံသို့ မေလအတွင်းမှစတင်ကာ ကျေးရွာများအထိ ကိုယ်တိုင်သွားရောက်၍ ထောက်ပံ့လှူဒါန်းခဲ့သည်။ တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်များ၊ ညောင်ရွှေမြို့၊ အင်းလေးဒေသ၊ နောင်တရား၊ ဖယ်ခုံ၊ ကျောက်တလုံးကြီး၊ တီကျစ်၊ ရွာငံ၊ ပင်းတယနှင့် ဘော်ဆိုင်းဒေသရှိ တိုင်းရင်းသားပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲတို့ပါဝင်သည့် ရိက္ခာထုပ်များနှင့် ငွေကျပ် ၁၀ဝ၀ဝ စီကို ထောက်ပံ့လှူဒါန်းခဲ့သည်။

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ မန်ဆူဘုန်းတော်ကြီးကျောင်း၊ တိုက်ပွဲရှောင်စခန်းများ၊ နောင်ဖော့ကျေးရွာအုပ်စု၊ လွယ်လွမ့်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားများနှင့် မန်းပွဲကျေးရွာ၊ မယ်ဟန်ကျေးရွာများရှိ ရှမ်းနှင့်ပလောင် တိုင်းရင်းသားများအတွက် ရိက္ခာထုပ်များနှင့် ငွေကျပ် ၁၀ဝ၀ဝ စီကိုလည်း ပေးအပ်လှူဒါန်းခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး၊ ကုသရေးနှင့်ထိန်းချူပ်ရေး လုပ်ငန်းစဉ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘောဇဘဏ်သည်  ဖေဖော်ဝါရီလ ၂၆ ရက်မှစ၍ ယခုအချိန်အထိ ကျပ်သိန်းပေါင်း ၃၇,၄၈၈ သိန်း လှူဒါန်းထားကြောင်း သိရသည်။

 

ကိုကျော်