ရခိုင့်သဘာဝအလှ စိုင်းဒင်ရေတံခွန်

အောင်ကြည်မိုး(စစ်တွေ)

ရခိုင်ပြည်နယ်သည် လှပသောပင်လယ်ကမ်းရိုးတန်းနှင့် ရခိုင်ရိုးမတောင်တန်းကို ပိုင်ဆိုင်ထားသော ဒေသတစ်ခုဖြစ်ပြီး သဘာဝကလက်ဆောင်ပေးထားသော သဘာဝအလှအပ နေရာများစွာတို့ ရှိနေသည်။ ထိုများစွာထဲမှ မေယုဒေသ ဘူးသီးတောင်မြို့နယ်ရှိ စိုင်းဒင်ရေတံခွန်သည် အလွန်သာယာလှပပြီး ရခိုင်ကမ်းမြောင်ဒေသ၌ အကြီးမားဆုံးနှင့် အမြင့်ဆုံးရေတံခွန်ဖြစ်သည်။ ဘူးသီးတောင်မြို့ စိုင်းတင်ချောင်းတွင်ရှိ၍ စိုင်းဒင်ရေတံခွန်ဟု ခေါ်တွင်ကြခြင်းဖြစ်သည်။ စိုင်းဒင်ရေတံခွန်သည် ပေ ၇၀ ခန့်မြင့်ပြီး အကျယ်ပေ ၇၀ဝ ခန့်ရှိသည်။ ပေ ၅၀ဝ ကျော်မြင့်သော တောင်တန်းကြီးနှစ်ခုအကြား ကျောက်လွှာပြတ်မှ ရေလုံးကျဆင်းခြင်းဖြစ်သည်။ ရေဖမ်းနယ်မှာ အလျားမိုင် ၃၀ ၊ အနံ ၁၅ မိုင်မျှ ကျယ်ဝန်းပြီး မြောက်ဘက်ဘင်္ဂလားဒေ့ရှ်နယ်စပ်အထိ ရှည်လျားသည်။

ရေတံခွန်အနီးတစ်ဝိုက်တွင် သဘာဝ၀ါးတောများရှိနေ၍ ဘူးသီးတောင်မြို့၏ မျှစ် အထွက်ဆုံးသော နေရာတစ်ခုလည်းဖြစ်နေသည်။ စိုင်းဒင်ဒေသသည် သဘာဝအလှတရားများနှင့် ပြည့်စုံနေပြီး ကျောက်ဆောင်ကျောက်တုံးများနှင့် အလှဆင်ကာ ဆေးဖက်ဝင်အပင်မျိုးစုံလည်း ပေါက်ရောက်နေသည်။ စိုင်းဒင်ရေတံခွန်မှ သဘာဝ ရေအားလျှပ်စစ်နှင့် စိုင်းဒင်ဒေသရှိ ဝါးတောမှ စက္ကူ ထုတ်ယူသုံးစွဲရန် ကြိုးပမ်းဆောင်ရွက်နေကြသည်။

စိုင်းဒင်ရေတံခွန်၌ အဆင့်ခုနစ်ဆင့်

စိုင်းဒင်ရေတံခွန်သည် စစ်တွေမြို့၏မြောက်ဘက် မိုင် ၅၀ အကွာနှင့်ဘူးသီးတောင်မြို့၏ အရှေ့မြောက်ဘက် မိုင် ၃၀ အကွာအဝေး၌ တည်ရှိနေသည်။ စိုင်းဒင်ရေတံခွန်၌ အဆင့်ခုနစ်ဆင့်ရှိသည်။ ပွင့်လင်းရာသီချိန်၌ စိုင်းဒင်ရေတံခွန်သို့ အပျော်ခရီးထွက်ကြသူများက ဝါးဖောင်များစီး၍ ကျယ်ပြန့်သော ရေပြင်ရှိသည့် အဆင့်များသို့တက်၍ ရေကစားကြသည်။ စိုင်းဒင် ရေတံခွန်သို့ လာရောက်လည်ပတ်မည်ဆိုလျှင် ဘူးသီးတောင်မြို့မှ စက်တပ်လှေများဖြင့် သွားရောက်နိုင်သလို ဘူးသီးတောင် - ရသေ့တောင်- ပုဏ္ဏားကျွန်း-စစ်တွေကားလမ်းမှ တစ်ဆင့်လည်း ဘူးသီးတောင်မြို့မှ ကား၊ ဆိုင်ကယ်များဖြင့် သွားရောက်နိုင်ပါသည်။ စိုင်းဒင်ရေတံခွန်သည် မေယုမြစ်ထဲသို့ စီးဆင်းသည့် စိုင်းဒင်မြစ်ရဲ့ အထက်ဘက်၌တည်ရှိပြီး စက်တပ်လှေဖြင့် နှစ်နာရီခန့် ကား၊ ဆိုင်ကယ်တို့ဖြင့် တစ်နာရီခွဲနီးပါးသွားရသည်။

စိုင်းဒင်ရေတံခွန် ရှိနေသောနေရာ၌ ရှေးရခိုင်ဘုရင်များလက်ထက် စိုင်းဒင်မြို့ဟု အမည်ရသော မြို့တစ်မြို့ တည်ရှိခဲ့ဖူး၍ စိုင်းဒင်ရေတံခွန်ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။ သို့ဖြစ်၍ ရှေးရခိုင်ဘုရင်များ ကိုးကွယ်ခဲ့သော ရှေးဟောင်းဘုရား ဒုံးသိမ်ပုထိုးတော်ကြီးရှိနေသည်။ ဒုံးသိမ်ပုထိုးတော်ကြီးအား အရံစေတီတော်ငယ် ၁၂ ဆူ ဝန်းရံထားပြီး မြောက်ဦးမြို့ရှိ ထုက္ကန်သိမ်နှင့် ပုံသဏ္ဌာန်ဆင်တူသည်။ စိုင်းဒင်ရေတံခွန် အနီးအနား၌ အင်္ဂလိပ်လက်ထက်က ရခိုင်လူမျိုး သူဌေးဦးကျော်ခိုင် တည်ထားကိုးကွယ်ခဲ့သည့် မေယုဒေသ၌ ထင်ပေါ်ကျော်ကြားသော သုံးဆယ့်တစ်ဘုံ စေတီတော်ကြီးလည်း တည်ရှိနေသည်။

ဒေသခံပြည်သူများ အကျိုးရှိလာနိုင်

မြန်မာပြည်တစ်ဝန်းမှ ခရီးသွားဧည့်သည်များ သဘာဝအလှတရားများနှင့် ပြည့်စုံနေသော ဘူးသီးတောင်မြို့ရှိ စိုင်းဒင်ရေတံခွန်အား တစ်ခေါက်တစ်ခါ လာရောက်ကြည့်ရှုနိုင်ကြဖို့နှင့် စိုင်းဒင်ရေတံခွန်၊ ရှေးဟောင်းဘုရား ဒုံးသိမ်ပုထိုးတော်ကြီးတို့ရှိနေသော မေယုဒေသ၌ နိုင်ငံတော်မှ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေဖို့ ဆောင်ရွက်ပေးနိုင်ပါလျှင် ဒေသခံပြည်သူများ အကျိုး ရှိလာနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။ ။

ကြေးမုံ