ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၉ အောက်တိုဘာ

           

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ ရခိုင်ပြည်နယ်အတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

           

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဉီးစိုးအောင်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အစိုးရနှင့်အတူ ဝန်ကြီးဌာနများက ကဏ္ဍအလိုက် ဝိုင်းဝန်းဆောင်ရွက်ပေးနေကြပါကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၉ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ကွင်းဆင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ကွင်းဆင်းဆောင်ရွက်ခဲ့မှုနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ် ကွင်းဆင်းခဲ့သည့်ခရီးစဉ်တို့မှ တွေ့ရှိချက်နှင့်တင်ပြချက်များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ တွေ့ရှိချက်နှင့်တင်ပြချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများက ဌာနအလိုက် ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းဆွေးနွေးသွားရန် ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးသည် ကွင်းဆင်းဆောင်ရွက်မှု အခြေအနေများကို သက်ဆိုင်ရာဝန်ကြီးဌာနများထံ ပေါင်းစပ်ညှိနှိုင်းပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။

           

ထို့နောက် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီမှ ညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်က ရခိုင်ပြည်နယ်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့မှုများဖြစ်သည့် တိုက်ပွဲရှောင်တိုင်းရင်းသားများ နှင့်တွေ့ဆုံ၍ ၎င်းတို့၏ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ လုံခြုံရေး စသည့်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးကိစ္စများ၊ တိုက်ပွဲရှောင်တိုင်းရင်းသားများအတွက် ယာယီခိုလှုံရာစခန်းများ တည်ဆောက်ပြီးစီးမှုများ၊ UEHRD အစီအစဉ်ဖြင့် ပြန်လည်လက်ခံမှုနှင့် ပြန်လည်နေရာချထားမှုများ၊ IDP စခန်းများ၏ အခြေအနေတို့ကို ရှင်းလင်းတင်ပြပြီး ဝန်ကြီးဌာနအလိုက် ကိုယ်စားလှယ်များက ဌာနအလိုက်ဆောင်ရွက်နေမှုများကို ပြန်လည်ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးသည်။

 

သတင်းစဉ်