ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကော်မတီ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော် ၂ ဇွန်

 

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီအထောက်အပံ့ပေးရေး ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း UEHRD ကော်မတီ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Video Conferencing System ဖြင့် Online Meeting ပြုလုပ်ကျင်းပရာ UEHRD ကော်မတီဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက် အမှာစကားပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးက UEHRD ကော်မတီအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှုအကူအညီပေးခြင်း၊ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး လုပ်ငန်းများနှင့် ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်  သက်ဆိုင်ရာဝန်ကြီးဌာနများ၊ Task Force များ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ မိတ်ဆွေနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ UEHRD ၏ လုပ်ငန်းစီမံကိန်းများမှာ ကျယ်ပြန့်သည့်အလျောက် ရခိုင်ပြည်ဆိုင်ရာ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဖွဲ့စည်းထားသည့် ဗဟိုကော်မတီများ၊ လုပ်ငန်းကော်မတီများ၏ လုပ်ငန်းများနှင့် ပတ်သက်ဆက်နွယ်နေပါကြောင်း၊ UEHRD ၏ လုပ်ငန်းများကို အထောက်အကူပေးနိုင်ရေးအတွက် ဖွဲ့စည်းထားသည့် ကော်မတီရုံးအဖွဲ့၏ အသုံးစရိတ်များ၊ ပြည်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများ၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်းများအတွက် သုံးစွဲခဲ့သည့် အသုံးစရိတ်များကို ပြည်တွင်း/ပြည်ပ အလှူရှင်များ၏ လှူဒါန်းထောက်ပံ့ငွေများဖြင့် ဆောင်ရွက်နေသည့်အတွက် UEHRD ကော်မတီ၏ ရန်ပုံငွေများကို စနစ်တကျသုံးစွဲရေး၊ ပြည်တွင်း၊ ပြည်ပ စာရင်းစစ်ဆေးမှုအဆင့် စာရင်းစစ်ခံနိုင်ရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ UEHRD ၏ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် ပြည်သူများရင်ဆိုင်နေရာသော ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားမှု ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ် အစရှိသည့် အကန့်အသတ်များကြားမှ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ UEHRD ၏ လုပ်ငန်းများ အရှိန်အဟုန်မပျက် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် UEHRD ကော်မတီအနေဖြင့် လုပ်ငန်းအဖွဲ့ Task Forces များနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာလနှင့် ကိုဗစ်-၁၉ အလွန်ကာလများတွင် ရင်ဆိုင်ကျော်လွှားရမည့် စီးပွားရေးဆိုင်ရာ ကုစားမှုများကို စနစ်အကျအကောင်အထည်ဖော်ခြင်း၊ ကြိုတင်စီစဉ် ဆောင်ရွက်ထားခြင်းများဖြင့် UEHRD ၏ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ကို ထိခိုက်မှု လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် UEHRD ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးဦးစိုးအောင်က UEHRD ၏ ရန်ပုံငွေ ရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသည့် ကော်မတီဝင်အသီးသီးက ဆွေးနွေးရာတွင် မိုးရာသီကာလ သဘာဝဘေးဒဏ် ကြံ့ကြံ့ခံနိုင်ရေးနှင့် ဒေသဆိုင်ရာလုံခြုံရေး၊ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်များ ပိတ်သိမ်းရေးဆိုင်ရာ ရှေ့ပြေးစီမံချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး၊ UEHRD ၏ လုပ်ငန်းစဉ်များကို  ပြည်တွင်း/ ပြည်ပက ပွင့်လင်းမြင်သာစွာ အမှန်အတိုင်းသိရှိနိုင်ရေး၊ UEHRD ၏ သတင်းနှင့် ဆက်သွယ်ရေးကဏ္ဍ စွမ်းဆောင်ရည် ပိုမိုတိုးတက်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ရခိုင်ပြည်နယ်ရှိ လက်ရှိဆောင်ရွက်လျက်ရှိသော စီမံချက်များအပြင် ကိုဗစ်-၁၉ ကာလ ကိုဗစ်-၁၉  စီးပွားရေးထိခိုက်မှုသက်သာရေး စီမံချက် (CERP) နှင့် လိုက်လျောညီထွေရှိသော လုပ်ငန်းရှင်များ ပါဝင်နိုင်မည့်အစီအစဉ်များ ဖော်ဆောင်ရေးတို့ကို အကြံပြုဆွေးနွေး ညှိနှိုင်းဆုံးဖြတ်ခဲ့ကြသည်။

 

အစည်းအဝေးသို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးခင်မောင်တင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး UEHRD ကော်မတီ၏ ညှိနှိုင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်၊ ကော်မတီဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဦးတိုးအောင်၊ သတင်းနှင့်ဆက်သွယ်ရေးဒါရိုက်တာ ဦးကျော်မြိုင်နှင့် UEHRD ၏ စီမံခန့်ခွဲမှုအရာရှိချုပ် ဦးညီငြိမ်းအေးတို့က Online မှတစ်ဆင့် အသီးသီးဝင်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်