ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင် ရဲကင်းစခန်းအား AA အကြမ်းဖက် သောင်းကျန်းသူများက အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်

နေပြည်တော် ၂၉ မေ

 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင် ရဲကင်းစခန်းအား AA အကြမ်းဖက် သောင်းကျန်းသူများက ယနေ့ နံနက် ၂ နာရီခန့်တွင် အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ မိသားစုဝင် ကလေးတစ်ဦးအပါအဝင် သုံးဦး ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရသေ့တောင်မြို့နယ် သဇင်မြိုင် ရဲကင်း စခန်းရှိ ပင်မစခန်းနေရာအား AA အကြမ်းဖက် သောင်းကျန်းသူ ၁၀၀ ခန့်က စခန်း၏ အနောက်မြောက်ဘက်မှ နံနက် ၂ နာရီ ၁၀ မိနစ်ခန့်တွင် လက်နက်ကြီး၊ လက်နက်ငယ်များ အသုံးပြုကာ အင်အားအလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့မှုကြောင့် ရဲတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၅ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်အချို့မှာ ကာကင်းကုန်းစခန်းသို့ သွားရောက်ပူးပေါင်းနိုင်ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်အချို့မှာ ပျောက်ဆုံးလျက်ရှိကြောင်း၊ အဆိုပါရဲကင်းစခန်းနေရာသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နှင့် တပ်မတော်စစ်ကြောင်းများက စစ်ကူပေးနိုင်ရေး သွားရောက်ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် နိုင်ငံတော်၏တရားဥပဒေစိုးမိုးရေး၊ မြို့နယ်ကျေးရွာများ လုံခြုံရေးနှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နေသော ရဲကင်းစခန်းများအား တိုက်ခိုက်ခဲ့မှုအနေဖြင့် ၂၀၁၉ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် ဘူးသီးတောင်မြို့နယ်ရှိ ကထီးလှ၊ ငမြင်းဘော်၊ ဂုပွိနှင့် ကျောက်တောင် ရဲကင်းစခန်း ၄ ခု အားလည်းကောင်း၊ မတ် ၉ ရက်တွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ် ရဲကင်းစခန်းအားလည်းကောင်း၊ ဧပြီ ၁၀ ရက်တွင် မြောက်ဦးမြို့ရှိ ရဲတပ်ရင်းဌာနချုပ်အား လည်းကောင်း၊ ဇူလိုင် ၁၆ ရက်တွင် ဘူးသီးတောင်မြို့နယ်ရှိ ညောင်ချောင်းနယ်မြေ ရဲကင်းစခန်းအားလည်းကောင်း တိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂ ဦးကျဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကာ မိသားစုဝင်များ နှင့် ရဲတပ်ဖွဲ့ဝင်အချို့ ပျောက်ဆုံးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

သတင်းစဉ်