ရီးယဲလ်မှ ထွက်ခွာရန်အသင့်ဖြစ်နေတဲ့ ရာမို့စ်   မန်ယူကို ပြောင်းရွှေ့ရန် နီးစပ်လာ

၃၁  ဇန်နဝါရီ

 

ရီးယဲလ်မက်ဒရစ်အသင်းခေါင်ဆောင် ရာမို့စ်က လာမယ့်နွေမှာ ရီးယဲလ်ကနေ ထွက်ခွာပြီး မန်ယူကို ပြောင်းရွှေ့ဖို့ နီးစပ်နေတယ်လို့ မေရာသတင်းဌာနက အတိအကျ ဖော်ပြပါတယ်။

 

ရာမို့စ်ကို ခေါ်ယူလိုတဲ့ ပရီမီယာလိဂ်အသင်းသုံးသင်း (အဲဗာတန်၊ လီဗာပူးနဲ့ မန်ယူ) တို့ရှိတဲ့အနက် မန်ယူကို ပြောင်းဖို့ ရာမို့စ်က ယေဘုယျဆုံးဖြတ်ထားကြောင်း ဒီသတင်း ရင်းမြစ်ကပဲ အတိအကျ ဖော်ပြပါတယ်။  မန်ယူအသင်းကစားသမားဟောင်း ဒေးဗစ် ဘက်ခမ်းနဲ့ ရာမို့စ်တို့ဟာ ရီးယဲလ်မှာ အတူတကွ ကစားခဲ့ဖူးသလို  ဘက်ခမ်းနဲ့ မန်ယူ နည်းပြ ဆိုးလ်ရှားတို့ကြား  ရင်းနှီးတဲ့ ဆက်ဆံရေးရှိတာကြောင့်လည်း  ဒီအပြောင်းအရွှေ့က ပိုပီပြင်လာတာလို့  ဆိုပါတယ်။  ဘက်ခမ်းက ရာမို့စ်ရဲ့ အတွေ့အကြုံတွေဟာ  မန်ယူအသင်း ကို များစွာအထောက်အပံ့ ဖြစ်စေမှာဖြစ်ကြောင်း ဆိုးလ်ရှားကို  ထောက်ခံချက်ပေးထား ပါတယ်။ တစ်ဖက်မှာလည်း  ဝါရင့်တိုက်စစ်မှူးကာဗာနီ မန်ယူအသင်းမှာ လျင်လျင်မြန်မြန် အထိုင်ကျခဲ့ပြီးနောက် နည်းပြဆိုးလ်ရှားက  အတွေ့အကြုံများစွာရှိတဲ့ ကစားသမားတွေနဲ့  လူငယ်ကစားသမားတွေ ပေါင်းစပ်ကစားစေခြင်းကနေ မန်ယူကို အောင်မြင်မှု လမ်းကြောင်းဆီ တွန်းတင်ပေးနိုင်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

 

ရာမို့စ်အနေနဲ့လည်း  ရီးယဲလ်နဲ့ စာချုပ်သက်တမ်းဆွေးနွေးခဲ့ပေမယ့် လစာကိစ္စ ညှိနှိုင်း မရခဲ့တာကြောင့်  အသင်းပြောင်းဖို့ သေချာသွားခဲ့တာဖြစ်ပါတယ်။ ရာမို့စ်က ရီးယဲလ်မှာ တစ်ပတ်လုပ်ခ ပေါင် နှစ်သိန်းရနေတာဖြစ်ပြီး ရီးယဲလ်က  စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ရာမှာ လက်ရှိလစာရဲ့ ၁၀ရာခိုင်နှုန်း လျော့ယူဖို့ တောင်းဆိုခဲ့လို့    အဆင်မပြေ ဖြစ်ခဲ့တာပါ။ 

 

အစောပိုင်းက ပီအက်စ်ဂျီအသင်းက သူ့ကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ ရာမို့စ် ကိုယ်တိုင်က ရီးယဲလ်ဥက္ကဋ္ဌ ပီရက်ဇ်ကို ပြောကြားခဲ့ပေမယ့်  ဒီကိစ္စရပ်က ကစားသမား အနေနဲ့ သူ့ကို စာချုပ်အမြန်ချုပ်ဆိုဖို့အတွက် ရီးယဲလ်ကို ဖိအားပေးတဲ့အနေနဲ့ ပြောကြား ခဲ့တာသာဖြစ်တယ်လို့ သိရပါတယ်။ ရာမို့စ်ကို အာရှက ကလပ်အသင်းတွေ အများအပြား ကမ်းလှမ်းထားပေမယ့် သူ့မိသားစုက အာရှမှာ ရွှေ့ပြောင်းနေထိုင်ဖို့ ဆန္ဒမရှိတာကြောင့်  အာရှကလပ်တွေရဲ့ ကမ်းလှမ်းမှုကို ပယ်ချထားပြီး အင်္ဂလန်ပရီမီယာလိဂ်မှာ ကစားဖို့ ပိုမိုသေချာလာခဲ့တာဖြစ်ပြီး ရာမို့စ်အနေနဲ့ သတင်းတွေက ခန့်မှန်းသလို မန်ယူကို တကယ်ရောက်၊ မရောက်ဆိုတာ    နွေဈေးကွက်အတွင်း အဖြေသိရတော့မှာဖြစ်ပါတယ်။

 

မေလဲ့သင်း