ရီးယဲလ်အသင်းမှ ဇန်နဝါရီဈေးကွက်အတွင်း ထွက်ခွာခွင့်ပေးရန် အစ္စကို  တောင်းဆို

၂၁ နိုဝင်ဘာ

 

အစ္စကိုက ရီးယဲလ်အသင်းအနေနဲ့ ဇန်နဝါရီဈေးကွက်အတွင်း သူ့အတွက် သင့်လျော်တဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိရင် အသင်းပြောင်းခွင့်ပေးဖို့  တောင်းဆိုလိုက်ကြောင်း သိရပါတယ်။

 

အစ္စကိုဟာ ရီးယဲလ်အသင်းမှာ ပွဲထွက်ကစားခွင့် မရတဲ့အပေါ် စိတ်ပျက်နေသလို ရီးယဲလ်က ထွက်ခွာသွားကြတဲ့ ကစားသမားတွေဖြစ်တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်နဲ့ ဂါရတ်ဘေးလ်တို့   အခြားကလပ်အသင်းတွေမှာ ခြေစွမ်းပြနေရာရနေတာကြောင့်လည်း   သူ့အနေနဲ့ အသင်းပြောင်းဖို့ စိတ်အားပိုမို ထက်သန်လာတာဖြစ်ပါတယ်။

 

အစ္စကိုဟာ ရီးယဲလ်အသင်းဆီ သူ့ကို ခေါ်ယူခဲ့တဲ့ နည်းပြ အန်ဆယ်လော့တီရှိရာ အဲဗာတန်အသင်းကို ပြန်ရောက်နိုင်ဖို့ နီးစပ်နေကြောင်း သတင်းတွေ ထွက်နေခဲ့ပေမယ့် အန်ဆယ်လော့တီဘက်ကတော့ မဟုတ်မှန်ကြောင်း ငြင်းဆိုထားပါတယ်။ အစ္စကိုဟာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်ရှိသူဖြစ်ပြီး ယခင်က ရီးယဲလ်အသင်းမှာ  ဆက်ရှိနေလိုခဲ့ပေမယ့်   ခုတော့  ပုံမှန်ပွဲထွက်ခွင့် အာမခံချက်နဲ့အတူ သူ့အတွက် ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀ ပေးချေနိုင်မယ့် အသင်းတစ်သင်းဆီ ဇန်နဝါရီ ဈေးကွက်အတွင်း ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်ပါတယ်။

 

မေလဲ့သင်း