ရီးရဲမက်ဒရစ်အသင်း အူဘာမီယန်ကို ခေါ်ယူမည်

၃၁  မတ်

ရီးရဲမက်ဒရစ်နည်းပြ ဇီဒန်းသည် နွေရာသီ အပြောင်းအရွှေ့ကာလ ကစားသမားခေါ်ယူမှုတွင် ဒေါ့မွန် အသင်းမှ နော်ဝေတိုက်စစ်ကစားသမား ဟာလန်း(၁၉နှစ်) နှင့် လီဗာပူး အသင်းမှ ဆီနီဂေါတိုက်စစ်ကစားသမား မာနေး (၂၇နှစ်) တို့ကို ခေါ်ယူရန်မအောင်မြင်ခဲ့ပါက အာဆင်နယ်အသင်းမှ ဂါဘွန်တိုက်စစ်ကစားသမား အူဘာမီယန်ကို ခေါ်ယူသွား ဖွယ်ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အသက် ၃၀ အရွယ် ဂါဘွန် တိုက်စစ်ကစားသမား၏ အခြေအနေကို ဥရောပထိပ်သီးကလပ်အသင်း အများအပြားက ခေါ်ယူရန် စောင့်ကြည့်လျက်ရှိနေသည်။ ၎င်းသည် ယခုနှစ်ရာသီတွင်လည်း အာဆင်နယ် အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ဂိုး ၂၀ သွင်းယူပေးထားနိုင်သည်။ ပရီမီယာလိဂ် သွင်းဂိုးအများဆုံး စာရင်းတွင်လည်း ၁၇ ဂိုးဖြင့် ဒုတိယနေရာတွင် ရပ်တည်နေသူဖြစ်သည်။ ပထမနေရာတွင် လက်စတာ အသင်းမှ တိုက်စစ်ကစားသမား ဗာဒီက ၁၉ ဂိုးဖြင့် ဦးဆောင်နေသည်။ ။

နည်းပြ ဇီဒန်းသည်အသင်းမှ လူကာဂျိုဗစ်၏ခြေစွမ်းကို စိတ်ပျက်လျက်ရှိနေသည့်အတွက် နွေရာသီ အပြောင်းအရွှေ့ကာလတွင် တိုက်စစ်ကစားသမား ခေါ်ယူလိုနေခြင်းဖြစ်သည်။ နည်းပြဇီဒန်းသည် ၎င်း ဦးစားပေး ခေါ်ယူသွားမည့် ကစားသမားများမှာ ဒေါ့မွန်အသင်းမှ ဟာလန်းနှင့် လီဗာပူးအသင်းမှ မာနေးတို့ဖြစ်သည်။ အဆိုပါ ကစားသမားများကို ခေါ်ယူရန် မအောင်မြင်ခဲ့ပါက Plan B အနေနဲ့ အူဘာမီယန်ကို ခေါ်ယူလိုနေခြင်းလည်း ဖြစ်သည်။ ရီးရဲမက်ဒရစ်အသင်းအပြင် ဘာစီလိုနာနှင့် မန်ယူအသင်းတို့ကလည်း အူဘာမီယန်၏ အခြေအနေကို စောင့်ကြည့်လျက် ရှိနေသည်။

အာဆင်နယ်အသင်းသည် ဒေါ့မွန်အသင်းမှ အူဘာမီယန်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင် ၅၆ သန်းဖြင့် ၂၀၁၈ ခုနှစ်တွင် ခေါ်ယူခဲ့ ခြင်းဖြစ်သည်။ ၎င်း အာဆင်နယ်အသင်းသို့ ရောက်ရှိလာပြီးနောက် အသင်းအတွက် ၉၇ ပွဲကစားထားပြီး ၆၁ ဂိုးသွင်းယူထားနိုင်ကာ ဂိုးရရှိအောင် ၁၃ ကြိမ် ဖန်တီးပေးထားနိုင်သည်။

အခြားသတင်းတစ်ရပ်တွင်မူ ရီးရဲမက်ဒရစ်အသင်းသည် ပေါင် ၄၅ သန်းခန့် ကုန်ကျနိုင်ဖွယ်ရှိသော ဆော်ပေါလိုအသင်းမှ အသက် ၂၁ နှစ် အရွယ် ဘရာဇီးကွင်းလယ်ကစားသမား ဂိုမက်စ်ကိုလည်း ခေါ်ယူလိုနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။

အောင်ဇော်