ရေဦးမြို့ ဆေးရုံကြီးသီးသန့်ဆောင်မှ ထွက်ပြေးသော စောင့်ကြည့်လူနာကို အမှုဖွင့်

ရေဦး ၂  ဧပြီ 

စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့ ကုတင် (၁၀ဝ) ဆံ့ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်တွင် စောင့်ကြည့်လူနာအဖြစ် တက်ရောက်နေစဉ် ထွက်ပြေးသော အမျိုးသားတစ်ဦးကို  ဧပြီ ၁ ရက် ညပိုင်းက အမှုဖွင့်အရေးယူထားကြောင်း ရေဦးမြို့မရဲစခန်းမှူး ဒုတိယရဲမှူး ထိုက်လင်းစိုး ထံမှ သိရသည်။

ဖြစ်စဉ်မှာ တရုတ်နိုင်ငံမှပြန်လာသော ကိုတိုင်းထွန်း (၃၁ နှစ်) တာတိုင်ကျေးရွာ ရေဦးမြို့နယ်နေသူသည် ကိုဗစ် - ၁၉ ရောဂါသံသယစောင့်ကြည့်လူနာအဖြစ် ရေဦးမြို့ ကုတင်(၁၀ဝ) ဆံ့ ပြည်သူ့ဆေးရုံကြီး သီးသန့်ဆောင်သို့ မတ် ၂၇ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ရောက်ရှိပြီး ဆေးစစ်ဆေးမှု ပြုလုပ်နေစဉ်  ည ၇ နာရီခန့်တွင် တာဝန်ရှိဝန်ထမ်းများအား အသိပေးခြင်း သတင်းပို့ခြင်းမရှိဘဲ ထွက်ပြေးသွားခဲ့၍ လိုက်လံရှာဖွေရာ အရာတော်မြို့နယ် ခဲသာမွေးကျေးရွာရှိ ၎င်း၏အဒေါ်ဖြစ်သူနေအိမ်မှ ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ကိုတိုင်းထွန်း (၃၁ နှစ်) ကို ရေဦးမြို့မရဲစခန်းက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

မိုးသောက်(ရွှေဘို)