ရေဦးမြို့တွင် ဆိုင်ကယ်ခိုးသူ (၂)ဦးအား စစ်ဆေးပေါ်ပေါက်ချက်အရ ခိုးရာပါဆိုင်ကယ် (၈)စီး ဖော်ထုတ်နိုင်

ရေဦး ၂၁ နိုဝင်ဘာ 


စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့တွင် ယနေ့မွန်းလွဲပိုင်းက ဆိုင်ကယ်ခိုးသူ (၂)ဦးအား စစ်ဆေးပေါ်ပေါက်ချက်အရ ခိုးရာပါဆိုင်ကယ် (၈)စီး ဖော်ထုတ်သိမ်းဆည်းနိုင်ခဲ့ကြောင်း ရေဦးမြို့မရဲစခန်းမှူး ဒုတိယရဲမှူး ထိုက်လင်းစိုးထံမှ သိရသည်။


ဖြစ်စဥ်မှာ ရေဦးမြို့တွင် နိုဝင်ဘာ ၁၈ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က ရေဦးမြို့ မြို့မစည်ပင်သာယာစျေးရှိ ဆိုင်ကယ်အပ်နှံရာ၌ လူငယ်တစ်ဦးမှ ဆိုင်ကယ်တစ်စီးအား ခိုးယူရန်လုပ်ဆောင်စဉ် လူမြင်သွား၍ ခြေလျင်ထွက်ပြေးသွားကြောင်း တိုင်တန်းချက်အရ ရေဦးမြို့မရဲစခန်းမှူး ဒုတိယရဲမှူး ထိုက်လင်းစိုး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ် ဝင်းဇော်ဦးနှင့်အဖွဲ့မှ လိုက်လံရှာဖွေခဲ့ကြောင်း၊ ရေဦးမြို့ အောင်မင်္ဂလာရပ်ကွက် မူးမြစ်ကမ်းဘေး ကိုင်းတောများကြားတွင် ကျူးလွန်သူ သိန်းထိုက်အောင် (ခ) ငထိုက် (၂၄)နှစ် မုံလှကျေးရွာ၊ ခင်ဦးမြို့နယ်နေသူအား တွေ့ရှိခဲ့ပြီး ၎င်းမှ ဆက်လက်ထွက်ပြေးခဲ့ရာ နေအိမ်တစ်အိမ်ရှိ သော့တန်းနှင့်ရပ်ထားသော အနက်ရောင်ဆိုင်ကယ်အား ခိုးယူမောင်းပြေးစဥ် ကိုင်းတောများကြား၌ ခိုးရာပါ ဆိုင်ကယ်နှင့်အတူ သက်သေများရှေ့မှောက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ဖြစ်စဥ်နှင့်ပတ်သက်၍ ရေဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညွန့်ဝင်း ညွှန်ကြားမှုဖြင့် စစ်ဆေးခဲ့ရာ ပေါ်ပေါက်ချက်အရ ဆိုင်ကယ်ခိုးယူမှုများတွင် ပါဝင်ကျူးလွန်သူ အောင်ဇော်ဖြိုး (ခ) ငဖြိုး (၂၅)နှစ် ပုဂံကျေးရွာ ဒီပဲယင်းမြို့နယ်နေသူနှင့် ၎င်းတို့ (၂)ဦး ဒီပဲယင်း၊ တန့်ဆည်၊ ရေဦး၊ ဘုတလင်မြို့နယ်များမှ ခိုးယူခဲ့သော ဆိုင်ကယ်မျိုးစုံ (၈)စီးအား သိမ်းဆည်းရမိခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်သူနှစ်ဦးကို ရေဦးမြို့မရဲစခန်းက အမှုဖွင့်ဖမ်းဆီး အရေးယူထားကြောင်း သိရသည်။


မိုးသောက် (ရွှေဘို)