ရေတွင်းထဲဆင်းရာမှ အောက်စီဂျင်ပြတ်၍ အလုပ်သမား အမျိုးသား ၃ ဦး သေဆုံးမှု မြဝတီ၌ ဖြစ်ပွား

မြဝတီ  ၄   ဧပြီ

မြဝတီမြို့တွင် ရေတွင်းထဲဆင်းရာမှ အောက်စီဂျင်ပြတ်၍ အလုပ်သမားအမျိုးသား ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဧပြီ ၃ ရက်နေ့မွန်းလွဲ ၅ နာရီအချိန်က မြဝတီမြို့အမှတ် ၃ ရပ်ကွက်၊ ပတ္တမြားစက်သုံးဆီဆိုင်အတွင်းရှိ ရေတွင်းထဲတွင် အမျိုးသား ၃ ဦး ရေနစ်သေဆုံးကြောင်း သတင်းအရ မြဝတီမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်ကျော်ဦး နှင့်ရဲတပ်ဖွဲ့ဝင်များ၊ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သက်သေများ၊ မီးသတ်စခန်းမှမီးသတ် တပ်ဖွဲ့ဝင်များ သည်ကယ်ဆယ်ရေးပစ္စည်းများနှင့်အတူ အခင်းဖြစ်ရာနေရာသို့ ချက်ချင်းသွားရောက်ကြရာ ပတ္တမြားမယ် စက်သုံးဆီ ဆိုင်အတွင်းရှိ အချင်း ၃ ပေ၊ အနက် ၂ဝ ပေရှိ ရေတွင်းတစ်ခုအတွင်းအမျိုးသား ၃ ဦး ရေနစ်သေဆုံးနေကြောင်း တွေ့ရှိရခြင်း ဖြစ်သည်။

 

မီးသတ်တပ်ဖွဲ့ဝင်များမှ အောက်စီဂျင်ပေးပြီးရေတွင်းအတွင်း ခေတ်မီကယ်ဆယ်ရေး ပစ္စည်းများအသုံးပြုလျက် ဆင်းဆယ်ရာ သေဆုံးသူ ၃ ဦးမှာ မေတ္တာလင်းမြိုင်ကျေးရွာ နေရဲရင့်အောင်(၂၅)နှစ်၊ လိပ်စာတူ ကိုထွန်းထွန်း(၄၅)နှစ်၊လိပ်စာတူ ကိုထွန်းနိုင်(၄၆)နှစ်တို့ဖြစ်ကြောင်း ဆယ်ယူသိရှိခဲ့ရသည်။

 

အဆိုပါ သေဆုံးသူများအား မြဝတီခရိုင်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ပြီး ရေတွင်းထဲသို့ ဆင်းရသည့် ဖြစ်စဉ်မှာ ဝရိမ်ဆော်ရာတွင် တပ်ဆင်သည့် မျက်နှာအုပ်ကာဗာရေတွင်းထဲကျသွားသဖြင့် ယင်းနေ့မွန်းလွဲ ၅ နာရီအချိန်ခန့်က ရဲရင့်အောင်မှရေတွင်း ထဲဆင်းဆယ်ရာတွင် ပြန်တက်လာခြင်းမရှိသဖြင့် ကိုထွန်းထွန်းမှ လိုက်ပါဆင်းသွားခဲ့ကြောင်း၊ ထို့နောက်ပြန်တက်မလာသဖြင့် ကိုထွန်းနိုင်မှ နောက်ဆုံးလိုက်ပါဆင်းသွားခဲ့ကြပြီး ၃ ဦးစလုံး ရေတွင်ပေါ် ပြန်လည်တက် ရောက်နိုင်ခြင်းမရှိဘဲ ရေတွင်းထဲတွင် အောက်စီဂျင်ပြတ်ကာ သေဆုံးခဲ့ကြကြောင်း စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။

 

သို့ဖြစ်၍ အဆိုပါ သေဆုံးသူ ၃ ဦးအား ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ်စစ်ဆေးပြီး မြဝတီမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)