ရွှေတိဂုံစေတီတော်၊ ဗိုလ်တထောင်စေတီတော်၊ သီရိမင်္ဂလာကမ္ဘာအေး စေတီတော်နှင့် ကျိုက္ကဆံ စေတီတော်များ၌ မသိုးသင်္ကန်းရက်ပြိုင်ပွဲများ ဖွင့်လှစ်

ရန်ကုန်  ၁၀  နိုဝင်ဘာ

 

လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၃၅)ကြိမ်မြောက် မသိုးသင်္ကန်းရက် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ(၅)နာရီခွဲတွင် ရွှေတိဂုံစေတီတော် ရာဟုထောင့် အောင်မြေ၌ကျင်းပသည်။

 

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇေယျမင်္ဂလာ စာတမ်းကို ဖတ်ကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဂေါပကအဖွဲ့ဝင်များက မသိုးသင်္ကန်းရက် ပြိုင်ပွဲအား ရွှေကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

 

ယင်းနောက်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်ဇနီး တာဝန်ရှိသူများသည် ပြိုင်ပွဲဝင် ရက်ကန်းစင်တော်များ ယှဉ်ပြိုင်ရက်လုပ်နေမှုကို ကြည့်ရှုအားပေးကြပြီး ရက်ကန်းစင်တစ်စင်လျင် ငွေကျပ်(၅)သိန်းစီ ပေးအပ်ချီးမြှင့်သည်။

 

ရွှေတိဂုံစေတီတော် မသိုးသင်္ကန်းရက်ပြိုင်ပွဲတွင် သန္တာရတနာစင်တော်၊ ဥဿဖယား ရတနာစင်တော် ၊စိန်ရတနာစင်တော်၊မဟူရာရတနာစင်တော်၊ နီလာရတနာ စင်တော်၊ မြရတနာစင်တော်၊ ပုလဲရတနာစင်တော်၊ ကျောက်စိမ်းရတနာစင်တော်၊ ပတ္တမြားရတနာစင်တော်ကိုးစင်ဖြင့် ရက်ကန်းခတ်ကျွမ်းကျင်သူ အမျိုးသမီးအဖွဲ့များက ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမဆု ငွေကျပ် ၁၀ သိန်း၊ ဒုတိယဆု ငွေကျပ် ကိုးသိန်းငါးသောင်း၊ တတိယဆု ငွေကျပ် ရှစ်သိန်း၊ စတုတ္ထဆု ငွေကျပ် ခြောက်သိန်းနှင့် နှစ်သိမ့်ဆု တစ်သင်းလျှင် ငွေကျပ် ငါးသိန်းစီ ပေးအပ် ချီးမြှင့်သွားမည်ဖြစ်သည်။

 

ထို့အတူ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်၏ (၃၇)ကြိမ်မြောက် မသိုးသင်္ကန်းရက်ပြိုင်ပွဲ အခမ်းအနားကို ယနေ့ ညနေ ၅ နာရီတွင် ဗိုလ်တထောင် စေတီတော် ရင်ပြင်၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ဂေါပကအဖွဲ့ဝင်များက ပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြိုင်ပွဲဝင် ရက်ကန်းစင်တော်များက ယှဉ်ပြိုင် ရက်လုပ်ကြသည်။

 

ပြိုင်ပွဲတွင် ဒေဝစ္ဆရာ၊ ဝဏ္ဏပဘာ၊ သီရိစန္ဒာ၊ ရူပမာလာ၊ ဓာတုကလျာ၊ မဏိမေခလာ၊ ပပဝတီ၊ ဂေါတမီ၊ မယ်တော်မာယာ၊ ယသော်ဓရာ၊ မြနန်းနွယ်၊ ဗုဒ္ဓဝံသရက္ခိတ၊ ခေမာထေရီ၊ ဝိသာခါ၊ နန္ဒမာလာ၊ စောမွန်လှ၊ ကမ္ဘောဇဌာနီ၊ ရှင်စောပု၊ သုဇာတာ၊ သီတာပပရှင်မင်းလှ၊ ပဒုမ္မာဝတီ၊ သိင်္ဂီ ရွှေစင်၊ မဟာလတ္တာရတနာ၊ သုနန္ဒာ၊ ပုပ္ပဝတီ စင်တော်များဖြင့် ယှဉ်ပြိုင်ရက်ခတ်ကြပြီး ပထမဆု ငွေကျပ် ငါးသိန်း၊ ဒုတိယဆု ငွေကျပ် လေးသိန်း၊ တတိယဆု ငွေကျပ် သုံးသိန်း၊ နှစ်သိမ့်ဆု တစ်ဆုလျှင် ငွေကျပ် တစ်သိန်းစီ ချီးမြှင့်သွားမည်ဖြစ်သည်။

 

အလားတူ သီရိမင်္ဂလာကမ္ဘာအေး စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့က ကြီးမှူး ကျင်းပသည့် (၂၂)ကြိမ်မြောက် မသိုးသင်္ကန်းရက်ပြိုင်ပွဲကို ယနေ့ ညနေ ၄ နာရီခွဲတွင် စေတီတော်ရင်ပြင်တော်၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ တိုင်းဒေသကြီး သာသနာရေးမှူး၊ ဂေါပကအဖွဲ့ အဖွဲ့ဝင်ဦးလှထွန်းတို့က ရတနာ ရွှေကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြပြီး ပြိုင်ပွဲဝင် ရက်ကန်းစင်တော်များ ယှဉ်ပြိုင် ရက်လုပ်နေမှုကို လှည့်လည် ကြည့်ရှုအားပေးကြသည်။

 

မသိုးသင်္ကန်းရက်ပြိုင်ပွဲတွင် ပလ္လင်္ကစင်တော်၊ အနိမိသစင်တော်၊ စင်္ကမစင်တော်၊ ရတနာဃရစင်တော်၊ အဇပါလစင်တော်၊ မုစလိန္ဒစင်တော်၊ ရာဇာဃတနစင်တော်များဖြင့် ယှဉ်ပြိုင်ကြပြီး ပထမဆု ငွေကျပ် ခြောက်သိန်း၊ ဒုတိယဆု ငွေကျပ် ငါးသိန်း၊ တတိယဆု ငွေကျပ် လေးသိန်း၊ နှစ်သိမ့်ဆု တစ်သင်းလျှင် ငွေကျပ် သုံးသိန်းစီ ပေးအပ် ချီးမြှင့်သွားမည်ဖြစ်သည်။

 

သမိုင်းဝင်ဆုတောင်းပြည့် ကျိုက္ကဆံဆံတော်ရှင် စေတီတော်ကြီး၏ (၄၀)ကြိမ် မြောက် မသိုးရွှေကြာသင်္ကန်း ရက်ခတ်ယှဉ်ပြိုင် ပူဇော်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ(၄)နာရီတွင် စေတီတော်ရင်ပြင်တော် စနေထောင့်ရှိ ဗဟိုမင်္ဂလာမဏ္ဍပ်ရှေ့တွင် ကျင်းပရာ ဂေါပကအဖွဲ့ဥက္ကဋ္ဌ (ဆင်မင်း)ဦးကိုကိုကြီးက သာသနာရေးဆိုင်ရာများကို ရှင်းလင်း ပြောကြားပြီး ဒိုင်ချုပ် ဦးတင်ဖေ က စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ဂေါပကအဖွဲ့ဝင်များနှင့်တာဝန်ရှိသူတို့က ပြိုင်ပွဲကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ရက်ကန်းစင်များယှဉ်ပြိုင်ရက်လုပ်နေမှုကို လှည့်လည်ကြည့် ရှုအားပေး ကြသည်။

 

မသိုးသင်္ကန်းရက်ပြိုင်ပွဲတွင် အင်းကြင်းစင်တော်၊ကံ့ကော်စင်တော်၊ ဇလပ်စင်တော်၊ နှင်းဆီစင်တော်၊ သဇင်စင်တော်၊ များဖြင့်ယှဉ်ပြိုင်ကြပြီး ပထမဆုသုံးသိန်းခွဲ၊ဒုတိယဆု သုံးသိန်းသုံးသောင်း၊ တတိယဆုသုံးသိန်းတစ်သောင်း၊ စတုတ္ထဆု နှစ်သိန်းကိုးသောင်း၊ ပဉ္စမဆုနှစ်သိန်း ခုနှစ်သောင်း၊ ဆဌမဆုနှစ်သိန်းငါးသောင်းပေးအပ်ချီးမြှင့် သွားမည်ဖြစ် သည်။

 

အဆိုပါစေတီတော်များတွင် ပြိုင်ပွဲဝင်များ ရက်ကန်းခတ်ပြီး မသိုးသင်္ကန်းများကို တန်ဆောင်မုန်းလပြည့်နေ့ နံနက် အရုဏ်ဦးတွင် စေတီတော်နှင့် စေတီတော်ပရဝဏ်ရှိ ဗုဒ္ဓရုပ်ပွားတော်များ၌ ဆက်ကပ်လှူဒါန်း ကြမည်ဖြစ်ကြောင်း သိရသည်။

 

သတင်း - ကိုကိုဇော်

ဓာတ်ပုံ - ဇော်မင်းလတ်၊ ရဲထွဋ်