ရွှေရောင်တောက်ခဲ့ ကောလိပ်ရက်များ

၂၅ နိုဝင်ဘာ

လမ်းထိပ် ကွင်းကျောင်းစာသင်တိုက်မှ အရုဏ်ဆွမ်းဘုဉ်းပေးရန် အချက်ပေး ကလတက်ခေါက်သံနှင့်အတူ နိုးလာသည်။ ခေါင်းရင်းက အိပ်ခန်းပြတင်းပေါက်ကို ဖွင့်လိုက်သောအခါ အရှေ့အရပ်ဆီက တိမ်တိုက်ဖြူများသည် ပုစွန်ဆီသွေးရောင် ပက်ဖျန်းခြင်းခံထားရ၏။ “မင်္ဂလာပါနေမင်းကြီးဟု စိတ်ထဲက နှုတ်ခွန်းဆက်လိုက်ကာ ရေချိုးခန်းသွား၍ မျက်နှာသစ်လိုက်သည်။ မျက်နှာ သစ်ရင်း တစ်ကိုယ်လုံး ပိုလန်းသွားအောင် ရေပါ ချိုးပစ် လိုက်သည်။

"ဒီကလေးနှယ်၊ ဆောင်းတွင်း စောစောစီးစီးကြီး ရေထချိုးတယ်။ တော်ကြာ အအေးမိလိမ့်မယ် ဟူသော ဆွမ်းထချက်ရင်း မြည်တွန်လိုက်သည့်အဘွား၏ ကရုဏာသံ ပီတိကိုစားရင်း ရေကမန်းကတန်း ချိုးလိုက်သည်။ နာရီကြည့်လိုက်တော့ မနက်ခြောက်နာရီစွန်းစွန်းပင် ရှိသေးသည်။ တစ်သက်နှင့်တစ်ကိုယ် ကျောင်းသွားဖို့ စိတ်စောတာ ဒီနေ့လိုမျိုးတစ်ခါမှမရှိခဲ့။ ဘယ်ရှိပါ့မလဲ။ ဒီနေ့က တက္ကသိုလ်ကျောင်းသား စဖြစ်မယ့်နေ့ကိုး။

မနက်ရှစ်နာရီတွင် လမ်းထိပ်ထွက်၍ အမှတ်(၃) ဘတ်စ်ကားဖြင့် ကြည့်မြင်တိုင်ဘူတာသို့ စီးသည်။ ကားခ ဆယ်ပြား။ ကြည့်မြင်တိုင်ဘူတာမှ အမှတ်(၁၆) ဒတ်ဆန်းကားဖြင့် မြေနီကုန်းသို့ စီး၏။ (၁၆)ကားတွေက အမြဲလူကျပ်နေ၏။ မည်သည့်အခါမှ ခုံနေရာမရတတ်။ ကျွန်တော်လည်း နောက်ဘက်မှပဲ တွယ်စီးခဲ့သည်။ မြေနီကုန်း ရတနာပုံရုပ်ရှင်ရုံရှေ့မှ လှည်းတန်းသို့ အမှတ် (၈)ကား သို့မဟုတ် (၉)ကားကို ကားခဆယ်ပြား ပေးစီးသည်။ လှည်းတန်းရောက်သည်နှင့် တက္ကသိုလ်အငွေ့ အသက်တွေ၊ ရနံ့ တွေက လေထဲတွင် လွင့်ပါလာ၏။

ဣန္ဒြေသမ္ပတ္တိကြီးစွာဖြင့် ရပ်တည်နေသည့် ဘွဲ့နှင်းသဘင်ခန်းမ မဟာကြီး

“ရန်ကုန် ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ဟူသော ဆိုင်းဘုတ်ကြီးဘေးတွင် ခြင်္သေ့ရုပ်ခံဝင်းတံခါးကြီးနှစ်ချပ် က ဖွင့်ကာကြိုဆိုနေ၏။ အတွင်းကို လှမ်းကြည့်လိုက်တော့ မဟူရာရောင် ဖဲကြိုးကြီး ဖြောင့်တန်းစွာ ခင်းထားသလို ခံ့ညားထည်ဝါလွန်းသည့် အဓိပတိလမ်းကြီး၊ အဓိပတိ လမ်းကြီး၏ အဆုံးစွန်း ခပ်ဝေးဝေးမှာက ဣသမ္ပတ္တိကြီးစွာဖြင့် ရပ်တည်နေသည့် ဘွဲ့နှင်းသဘင်ခန်းမ မဟာကြီး။ အဓိပတိလမ်းထဲသို့ခြေတစ်လှမ်း စတင်လိုက် သည်နှင့် တစ်ကိုယ်လုံးကြက်သီးဖြန်းဖြန်းထ၊ ဖိန်းတိန်း ရှိန်းတိန်းကြီး ဖြစ်သွားသည်။

ငါဒီနေ့ကစပြီး တက္ကသိုလ်ကျောင်းသား ဖြစ်ပြီပဲ"

ထို့နောက် အဓိပတိလမ်းထိပ် လက်ယာဘက်တွင် ရှိသော၊ ချုံနွယ်ပိတ်ပေါင်းထောင်းထောင်းထ ဖုံးအုပ် လျက်ရှိသော ကျောင်းသားအာဇာနည်ကျောက်တိုင်ကို ရပ်တန့် ဦးညွှတ်လိုက်မိသည်။

၁၉၆၅ ခုနှစ် နိုဝင်ဘာလ။

ရန်ကုန်တက္ကသိုလ်၏ သင်္ကေတဖြစ်သော သက်တမ်း ၂၀၀ ကျော် သစ်ပုပ်ပင်ကြီးကို ကြည့်ရသည်ကား တင့်မော ရှုမဝ ကဗျာဆန်လှဘိခြင်း။ ဖွေးဖွေးလှုပ်ကြွေကျနေသော ကံ့ကော်ပန်းတို့၏ရနံ့က နှာဝကို စတင်မြူဆွယ်ကြိုဆို၏။ စိန်ပန်းတွေက ပင်ယံထက်တွင် ရဲရဲနီစွေး ပင်လုံးကျွတ် ပွင့်နေသည်။ အဓိပတိလမ်းပေါ်ကြွေကျနေသည့် စိန်ပန်းများက ပတ္တမြားပန်းခင်းကြီးအလား။

ကျောင်းဖွင့်ချိန် စိန်ပန်းတွေလည်း မြေမှာ ကြဲပြန့်နေ ဆိုသော သီချင်းတစ်ပိုင်းတစ်စက ခေါင်းထဲအလိုလို ရောက်လာ၏။ “ဒီအချိန်ကျောင်းတော်ကြီးရဲ့ အလယ်မှာစိန်ပန်းတွေလည်း ပွင့်နေပြီကွာ ကို တမ်းတမိ၏။ အဆိုကျော် ကိုသန်းလှိုင်၏ “ကံ့ကော်မြိုင်တန်း အဆိုကျော် ကိုမြသိန်း၏ “မြကျွန်းညိုညို၊ ကွန်းခိုရာတက္ကသိုလ် သံစဉ်တွေအတိုင်း အဓိပတိလမ်းကို အားမာန်တက်ကြွ ခြေလှမ်းများဖြင့် လျှောက်လှမ်းခဲ့သည်။

ကျောင်းသားအာဇာနည်များကို သတိရမိ

ကြီးမားခံ့ထည်နေသော တက္ကသိုလ်စာကြည့်တိုက်ရှေ့ရောက်တော့ ဆရာသိန်းဖေမြင့်၏ “သပိတ်မှောက် ကျောင်းသား"၊ ဆရာကျော်အောင်၏ “သမဂ္ဂအလံတော် အောက်ဝယ်၊ ဆရာနတ်နွယ်၏ “အပြာနဲ့ အဝါ၊ ဆရာ အောင်ပြည့် ၏ပြိုမှာလေလား မိုးရဲ့ ” စာအုပ်များထဲမှ ကျောင်းသားအာဇာနည်များကို သတိရမိပြီး ခေတ်တာဝန်ကျမည့် တက္ကသိုလ်ကျောင်းသားတစ်ဦး ဖြစ်ရေးအတွက် အားမာန်တွေ တက်ကြွ၊ သန္နိဋ္ဌာန်တွေ ချမိသည်။ တစ်ချိန် တည်းမှာပင် ဆရာဇဝန၏ “ကောလိပ်ကျောင်းသား ဝတ္ထုထဲမှ ကိုသိန်းဖေ၏ ကောလိပ်ကျောင်းသားဘဝ ဗရုတ်ကျပုံတွေကို မြင်ယောင်ပြီး မိမိဘာသာမိမိ ပြုံးမိ၏။ မကြာခင်မှာပင် တက္ကသိုလ်အပန်းဖြေရိပ်သာနှင့် မျက်စောင်းထိုးမှ သိပ္ပံစာသင်ခန်းများဆီသို့ ရောက်လာ၏။

ကျွန်တော်တို့ကျောင်းတက်စဉ်က ရန်ကုန်တက္ကသိုလ် ၏ အမည်က “ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်" ဟု အမည်သစ်ပြောင်းထား၏။ Rangoon Arts and Science University- RASU ။ ထို့ကြောင့် အတိုကောက် “ရာဇူး ဟုပင် ခေါ်ကြ၏။ ကျွန်တော်က သိပ္ပံဘာသာတွဲ သတ္တဗေဒ အဓိက ဘာသာရပ်သင်ကျောင်းသားအဖြစ် ပညာသင်ယူ ရ၏။ တကယ်တော့ “သတ္တဗေဒ (Zoology) ကို ကျွန်တော်ကျောင်းတက်တော့မှ ကြားဖူးခြင်းဖြစ်၏။ ဘယ်လိုဘာသာ ရပ်လဲ။ ဘာတွေသင်မလဲ လုံးဝမသိ။ တိရစ္ဆာန်အကြောင်းတော့ သင်ရမှာပဲ။ သို့သော် တိရစ္ဆာန်မွေးမြူတာတို့၊ ကုသ တာတို့နှင့်လည်းမဆိုင်။ ဤပညာရပ်များကို “တိရစ္ဆာန် မွေးမြူရေးနှင့် ကုသရေးတက္ကသိုလ် (Institute of Veterinary Science) မှာက သီးခြားသင်မည်ဖြစ်သည်။

ကျွန်တော်တို့က တိရစ္ဆာန်အကြောင်း စာသင်ကြရပြီး ဘွဲ့ရလျှင် ဘာလုပ်ရမည်ကို ကျွန်တော်မသိ။ ကျွန်တော်တို့ တက္ကသိုလ်ဝင်တန်းတက်သော ၁၉၆၄ ခုနှစ်အထိ တက္ကသိုလ်ဝင်တန်း အမှတ်အနည်းအများနှင့် တက္ကသိုလ်ဝင်ခွင့် မသတ်မှတ်သေး။ တက္ကသိုလ်ဝင်တန်းကို အမှတ် ဘယ်လောက်ရရ၊ အောင်မြင်သူတိုင်း တက္ကသိုလ်တက်ကြ။ တက္ကသိုလ်တွင် ဥပစာသိပ္ပံနှင့် ဥပစာဝိဇ္ဇာတန်း နှစ်နှစ်တက်ကြရ၏။ ဥပစာသိပ္ပံ(က)နှင့် (ခ)တို့တွင် အမှတ်ကောင်းကောင်းရသူက ဆေးတက္ကသိုလ် သို့မဟုတ် စက်မှုတက္ကသိုလ် စသည်တို့ မိမိကြိုက်ရာ တက်ခွင့်ရှိ၏။ ထို့ကြောင့် ကျွန်တော်တို့က တက္ကသိုလ်ဝင်တန်းတွင် ဂုဏ်ထူးရရေး၊ အမှတ်များများရရေးထက် စာမေးပွဲအောင် ရေးကိုသာ အဓိကထားခဲ့၏။

သို့သော် ကျွန်တော်တို့ တက္ကသိုလ်တက်ခွင့်ရသောနှစ် ၁၉၆၅ ခုနှစ်တွင် တက္ကသိုလ်ဝင်ခွင့်ကို ILA(Intelligence Level Aggregate) ဖြင့် စစ်ဆေးကာ အမှတ်များသူများကို ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ် တက်ခွင့် ပေးလိုက်၏။ ကျွန်တော်က တက္ကသိုလ် ဝင်ခွင့်ကို ပထမဦးစားပေး စက်မှုတက္ကသိုလ်၊ ဒုတိယ ဦးစားပေး သစ်တောသိပ္ပံ၊ တတိယဦးစားပေး ဘူမိဗေဒ စသဖြင့် လျှောက်ထားခဲ့၏။ ထိုစဉ်က တက္ကသိုလ်ဝင်ခွင့် အမည်များကို နိုင်ငံပိုင် “လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတွင် နေ့စဉ်ကြေညာ၏။

သတ္တဗေဒဟူသော စာရင်း၌ ကျွန်တော့်အမည်ကို ရှာတွေ့

ပထမနေ့ စက်မှုတက္ကသိုလ်ဝင်ခွင့်စာရင်း ကြေညာတော့ ကျွန်တော့်အမည်မပါ။ ဒုတိယနေ့ သစ်တောသိပ္ပံတို့၊ ဘူမိဗေဒတို့ စာရင်းကြေညာတော့လည်း မိမိအမည် ရှာမတွေ့။ နောက်ဆုံးတစ်နေ့ကျမှ “သတ္တဗေဒဟူသော စာရင်း၌ ကျွန်တော့်အမည်ကို ရှာတွေ့ရ၏။ ကျွန်တော် လုံးဝမလျှောက်သော ဘာသာရပ်။ မသိသော ဘာသာရပ်။ ကျွန်တော်တို့ကိုသာ စာမေးပွဲမဖြေမီက အမှတ်ကောင်းကောင်းရမှ အသက်မွေးဝမ်းကျောင်းတက္ကသိုလ် တက်ခွင့်ပေးမည်ဟု ကြိုတင်ကြေညာခဲ့လျှင် ကျွန်တော်တို့လည်း အပြိုင်အဆိုင် အမှတ်ကောင်းအောင် ကြိုးစားကြပေမည်။

မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့က သူတို့ ချပေးရာ၊ ရွေးပေးရာ ဘာသာရပ်ကိုပင် စူးစိုက်သင်ယူကြရင်း တက္ကသိုလ်ကျောင်းသားဘဝကို ပျော်ပျော်ကြီး ဖြတ်သန်း ခဲ့ကြ၏။

ကျွန်တော်က တက္ကသိုလ်မရောက်မီ ဆယ်တန်း ကျောင်းသားမှာပင် လုပ်သားပြည်သူ့နေ့စဉ်နှင့် သင့်ဘဝမဂ္ဂဇင်းတို့တွင် ဆောင်းပါးဆယ်ပုဒ်ခန့် ရေးခဲ့ပြီးသူဖြစ်၍အတန်းထဲမှ ဝါသနာတူတွေကို ရှာပေါင်း၏။ အထက်တန်းကျောင်းသားကတည်းကသိခဲ့သူ ကိုမြင့်ဆွေ (နောင်-အောင်ဇံ)၊ ကိုမြင့်မော်(နောင်-မောင်ညီညွတ်)၊ ကိုသိန်းဟန်(နောင်-မောင်သံဟိန်း)၊ မင်းညို (နောင် ဒေါက်တာ မင်းညို - နိုင်ငံရေးသုတေသီ)၊ ချစ်လွင် (နောင်-လင်းမော်လွင်)၊ ခင်ဝမ်း(အဆိုကျော်၊ ပန်းချီဆရာ၊ စာရေးဆရာ)တို့နှင့် တွဲမိသည်။ ကျွန် တော်တို့ ခုနစ်ယောက်အကြောင်းကို ခင်ဝမ်းက “ရွှေရောင်တောက် ခဲ့ကောလိပ်ရက်များ ဟုပင် သီချင်းရေးခဲ့၊ ဆိုခဲ့သေးသည်။

ကျွန်တော်တို့အုပ်စုက အမြဲပင် S0 တွင် စုကြ၏။ သိပ္ပံစာသင်ခန်း SI S2 ၊ S3 စသဖြင့် ရှိ၏။ S0 က စာသင်ခန်း အပြင်ဘက်က မြောင်းပေါင်ဖြစ်သည်။ လူစုမိလျှင် စာသင်ခန်းဝင်ရင်ဝင်၊ အများအားဖြင့်လည်း S0 ၌သာထိုင်၏။ S0 ပြီးတော့ အချိန်ကုန်ခံတာက ဦးချစ်လက်ဖက်ရည်ဆိုင်။ တက္ကသိုလ်တွင် လက်ဖက် ရည်ဆိုင် ထိုင်တာကလည်း ဒုတိယတက္ကသိုလ်တက်ခြင်းပင် ဖြစ်၏။

ဦးချစ်လက်ဖက်ရည်ဆိုင်

ဦးချစ်လက်ဖက်ရည်ဆိုင်က တောင်ငူဆောင် မျက်စောင်းထိုးရှိ ငှက်ပျောတောတွေကြားက တိုက်ပုလေးဖြစ်သည်။ ကျွန်တော် သိပ္ပံဘွဲ့အတွက် ငါးနှစ်၊ နောက်ထပ် ဘွဲ့လွန်ဒီပလိုမာနှစ်ခုက လေးနှစ်၊ ရန်ကုန် တက္ကသိုလ်နယ်မြေတွင် ကိုးနှစ် ကျောင်းတက်ဖူးသည်။ ထို့နောက် ပညာရေးတက္ကသိုလ်ဝင်းထဲရှိ မြန်မာနိုင်ငံပညာရေး သုတေသနအဖွဲ့တွင် ၂၆ နှစ်၊ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်ပညာဌာနတွင် ပြင်ပပညာရှင်အဖြစ် ခုနစ်နှစ်တာဝန်ယူခဲ့ရာ ဦးချစ်ဆိုင်တွင် ထိုင်ခဲ့သည့်နှစ်က ၄၂ နှစ် ရှိသည်။ ထိုအကြောင်းကို ၁၉-၁-၂၀၀၇ နေ့က ကျင်းပသော ဦးချစ်ဆိုင် နှစ် ၅၀ ပြည့်ပွဲတွင် ကျွန်တော် မှတ်တမ်းရေးပြီး ဦးချစ်၏သားကြီး ကိုကျော်ကျော်ထံ ပေးခဲ့သည်။

ရန်ကုန်တက္ကသိုလ်နှင့် ဦးချစ်ဆိုင်ကား ခွဲမရ။ ဦးချစ်က ၁၉၅၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်ဓမ္မာရုံရှေ့က ကုက္ကိုပင်အောင်တွင် ထမင်းရောင်း၏။ ထို့နောက် တွန်းလှည်းလေးဖြင့် လက်ဖက်ရည်သောင်း၏။ “လှည်းကလေး လက်ဖက်ရည် ၊ “လက်ဖက်ရည်ဦးချစ် အဖြစ် တက္ကသိုလ်ကျောင်းသားလောကတွင် နာမည်ကျော်လာ သည်။ ရန်ကုန်တက္ကသိုလ်အဓိပတိ ဒေါက်တာထင်အောင်၊ သမိုင်းပါမောက္ခ ဦးဘညွန့် (ချစ်ဒုက္ခဦးဘညွန့်)၊ ဥပဒေဌာန လက်ထောက်ကထိက ဦးကိုယု(စာရေးဆရာ မောင်ကိုယု)တို့က ရန်ကုန်တက္ကသိုလ်ဝင်း ဒဂုံလမ်းထိပ်ရှိ ရှေးတိုက်ဝါတစ်ထပ်သေးသေးတွင် ဦးချစ်ကို လက်ဖက် ရည်ဆိုင်ဖွင့်ခွင့်ပြုခဲ့၏။

ဦးချစ်နှင့်ဇနီး ဒေါ်အုန်းတို့ မိသားစုက တက္ကသိုလ် ကျောင်းသားတွေကို ချစ်သည်။ ညကြီးသန်းခေါင် စာကျက်အပြီး ကျောင်းသားများ ဆာလောင်၍ဆိုင်သို့ လာလျှင် ဆိုင်ပိတ်ချိန်ဖြစ်သော်လည်း ထမင်းကြော်၊ ခေါက်ဆွဲကြော် ကြော်ပေး၏။ ကျောင်းသားများကိုအစားအစာ အကြွေးရောင်း။ အကြွေးမပေးလည်း ပြန်မတောင်းတတ်။ အချိန်လွန် အဆောင်ပိတ်ချိန် မူးပြီး ပြန်လာသော ကျောင်းသားများကို သူ့ အိပ်ရာတွင် ခေါ်သိပ်တတ်၏။

ဦးချစ်ဆိုင်တွင် နေ့နေ့ညည ကျွန်တော်တို့ ထိုင်ရင်း မြန်မာစာဌာနမှ ဆရာကြီးများဖြစ်ကြသော ဦးထွန်းမြင့် (တက္ကသိုလ်မင်းမော်)၊ ဦးအောင်သင်း (အောင်သင်း) ဦးဇော်မြင့်(ဇော်ဇော်အောင်)၊ ဦးဝင်းမွန်(တက္ကသိုလ် ဝင်းမွန်)၊ ဦးခင်အေး(မောင်ခင်မင်-ဓနုဖြူ) တို့၏ လက်ဖက်ရည်ဝိုင်းမှာ လိုက်ထိုင်ရင်း စာပေယဉ်ကျေးမှုများ နာယူခဲ့ရသည်။ ဆရာတို့ထံ လာလည်ကြသော ဆရာတို့၏ မိတ်ဆွေ စာရေးဆရာ၊ အယ်ဒီတာအကျော် အမော်များနှင့်လည်း သိကျွမ်းခွင့်ရခဲ့သည်မှာ မဟာ အမြတ်ကြီးပင်။

ဝက်ဝက်ကွဲ အားပေးကြ

တက္ကသိုလ်အပန်းဖြေရိပ်သာ အာရ်စီထဲတွင်ကား ကျွန်တော်တို့ ကြက်တောင်ရိုက်၊ စားပွဲတင်တင်းနစ် ကစားကြသည်။ တက္ကသိုလ်အလိုက် ဘော်လီဘောပွဲ၊ ဘတ်စကက်ဘောပွဲများကို အားပေးကြ၏။ သူငယ်ချင်း ချစ်လွင်တို့၊ ဆွေမြင့်တို့က Day Science ခေါ် “နေ့တက် သိပ္ပံကျောင်းသား ဘောလုံးလက်ရွေးစင်များ ဖြစ်သဖြင့် တက္ကသိုလ် အားကစားကွင်းမှ သူတို့ကန်သောပွဲများကို လိုက်အားပေးကြသည်။

တက္ကသိုလ်လက်ရွေးစင် ဘောလုံးအသင်း အောင်ဆန်းကွင်းတွင် ကန်လျှင် ကားအုပ်စုလိုက် တပျော်တပါး သွားအားပေးကြသည်။ အထူးသဖြင့် ကြည်းတပ်အသင်းတို့၊ ရဲတပ်ဖွဲ့ အသင်းတို့ ကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့ အသင်းများနှင့် တက္ကသိုလ်အသင်း ကန်သောပွဲများကား ပွဲကြီးပွဲကောင်း တက္ကသိုလ်

ကျောင်းသားကျောင်းသူများက မိမိတို့အသင်းဘက်မှ ဒိုးပတ်၊ အိုးစည်ဝိုင်းများ၊ လေမှုတ်ကိရိယာများ မျိုးစုံ တီးပြီး အလံများ၊ ဆိုင်းဘုတ်များကိုင်ကာ ဝက်ဝက်ကွဲ အားပေး ကြ၏။

တက္ကသိုလ်နှင့် အဆောင်မှာ သီချင်းဆိုတာကလည်း ခွဲမရ။ ကျွန်တော်တို့ အုပ်စုထဲမှ မင်းညွန့်က ဂစ်တာ တီးကောင်း၏။ ခင်ဝမ်းက မယ်ဒလင်၊ တယော၊ စန္ဒရား အကုန်ကျွမ်းသည်။ ထို့ကြောင့် သတ္တဗေဒကျောင်းသားများ နေထိုင်ကြသော “ရွှေဘိုဆောင်"တွင်အားလပ်ချိန်တိုင်း ကျွန်တော်တို့ သီချင်းများ ဆိုကြ၊ တီးကြ၏။ ကျွန်တော်နှင့် ကိုမြင့်မော်(မောင်ညီညွတ်)တို့က အဆိုပိုင်းတွင် ပိုဝါသနာ ပါသဖြင့် အဆိုကျော် မာမာအေး၏ အဆိုသင်တန်း၊ မြန်မာ့ အသံကိုကြည်သာ၏ ဂီတသင်္ကေတသင်တန်းများ တက်၏။ ကျွန်တော်က ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာထဲမှ အနုပညာသင်တန်းတွင် ပတ္တလားအတီးသင်၏။ ဤမျှဖြင့် အားမရ၍ ပန်တျာကျောင်းတွင် ညနေသင်တန်း သွားတက်သေး၏။

ကျွန်တော်က စာပေဂီတသမားများကို ချစ်ခင် ကြည်ညိုသဖြင့် သူတို့နှင့် တကူးတက လိုက်လံမိတ်ဖွဲ့ ပေါင်းသင်း၏။ ကျွန်တော့်သူငယ်ချင်း “ကိုစံမြင့်နှင့်ပတ်သက်ပြီး သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ “ထွန်းနောင်နှင့် ခင်မင်သည်။ ထွန်းနောင်နှင့်လိုက်ပြီး ညဘက်အဆောင်တွေမှာ သီချင်းလိုက်ဆိုသည်။ စတီရီယို ခေတ်၏ ခေတ်ဦးစေဟု ဆိုရမည့် “တက္ကသိုလ် လိုက်တာတုန်သီချင်း၊ “ထဘီစိမ်းစိမ်းလေး သီချင်းတွေကို မိန်းကလေးအဆောင်ပေါက်စေ့ လိုက်ဆိုပြီး ထွန်းနောင် တို့အဆောင်တွင် အိပ်ခဲ့ရသောညတွေ မနည်း။ ထို့ပြင် ခင်ဝမ်း၏ မယ်ဒလင်လက်သံနှင့်အတူ ကိုမြတ်လေး၏ “မစ္စဝီစကီ၊ “ကပြားမလေးဂိုယာရမ်"၊ သန်းဖေလေး၏ “မလှပေမယ့် ချစ်တတ်သူ သီချင်းတွေကို လိုက်ဟစ် သေးသည်။ သူငယ်ချင်း မြင့်သိန်း၊ အုန်းမြင့် တို့နှင့် ပတ်သက်ပြီး “ခိုင်ထူးနှင့်ပါ ခင်မင်ခဲ့သည်။

ခန်းဆီးနောက်ကွယ်မှ အရိပ်မည်းလေးများ

အုန်းမြင့်က “ရီဇော် အမည်ဖြင့် ခိုင်ထူးနှင့်တွဲ၍ “တေးမြုံငှက် စီးရီးကို ထုတ်သည်။ တေးရေးက သူငယ် ချင်း မောင်သစ်မင်းဖြစ်၍ သူတို့နှင့် ပိုတွဲမိ၏။ ခိုင်ထူး၏ ဖခင်က စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခ ဦးသာထို ဖြစ်၍ သူတို့အိမ်က ဒဂုံလမ်းထိပ်၊ ဦးချစ်ဆိုင်နောက်ဘက် ကပ်လျက်ဖြစ်သည်။ ထို့ကြောင့် ခိုင်ထူးလည်း ဦးချစ်ဆိုင် သို့ မိုးလင်းလျှင်ရောက်လာ၊ လူစုကွဲမှ ပြန်၏။ အင်းလျား၊ မာလာ၊ သီရိ၊ ယုဝတီဆောင်များသို့ ကျွန်တော်တို့အဖွဲ့ရောက်လျှင် အခန်းထဲမှ ပိတ်ထားသော မီးလေးတွေ ဖွင့်လာ၏။ ခန်းဆီးနောက်ကွယ်မှ အရိပ်မည်းလေးများ လှုပ်လာသည်။ သူတို့ နားထောင်ချင်သော သီချင်းတွေတောင်းကြ၊ ဆိုကြ၊ လက်ဖက်၊ လိမ္မော်သီး၊ သကြားလုံးတွေ ပစ်ချပေး။ မေ့မရနိုင်သော အပျော်ညများ။ ။

ဦးချစ်ဆိုင်၏ ထူးခြားချက်က ရသမြောက် သီချင်း ကောင်းတွေ ရွေးဖွင့်ပေးခြင်းဖြစ်၏။ အထူးသဖြင့် ပြင်ပတွင် နာမည်မကျော်သေးသော အဆိုကျော် တော်တော်များ များ၏ သီချင်းများကို ဦးချစ်ဆိုင်၌ဖွင့်၏။ မန္တလေးတွင် နာမည်ကျော်တာ နှစ်နှစ်၊ သုံးနှစ်ကြာမှ စိုင်းထီးဆိုင်ကို ရန်ကုန်က သိသွားသည်မှာ ဦးချစ်ဆိုင်တွင် စိုင်းထီးဆိုင် သီချင်း စဖွင့်၍ ဖြစ်၏။ ကိုင်ဇာ၊ ခင်ဝမ်း၊ စိုးလွင်လွင်၊ ခိုင်ထူး သီချင်းတွေ ပေါက်သွားသည်မှာ ဦးချစ်ဆိုင်တွင် စဖွင့်၍ ဖြစ်သည်။

မြန်မာစာဌာနကထိက ဦးဖိုးကျော်မြင့်သည် ကျွန်တော်တို့ကို မြန်မာစာသင်နေစဉ်ကာလတွင်ပင် ယာဉ်မတော်တဆဖြစ်၍ ကွယ်လွန်ခဲ့သည်။ ဆရာ ဦးဖိုးကျော်မြင့်၏ဇနီး ဒေါ်မာလေးက ကျွန်တော်တို့ကို စာဆက်သင်၏။ စာစီစာကုံး ရေးခိုင်းလျှင် ခင်ဝမ်း၊ မြင့်မော်၊ ကျွန်တော်တို့၏ စာစီစာကုံးတွေက တခြားသူများနှင့် မတူဘဲ ထူးခြားခွဲထွက်နေ၍ ဆရာမက အမြဲပင် အတန်းထဲ တွင် ဖတ်ပြပြီး ချီးကျူးတတ်၏။ ကျွန်တော့်ကို အိမ်မှ ကားခ ပြားခြောက်ဆယ်နှင့် မုန့်ဖိုးတစ်ကျပ်သာ ပေး၍ ကျွန်တော်တို့က သုံး၍မလောက်။

ထိုအချိန်တွင် ဆရာဦးခင်မောင်လေး (မီဒီယာ ကောင်စီဥက္ကဋ္ဌဟောင်း ဆရာကြီးဖိုးသောကြာ)က “မင်းစာအုပ်ရေးပါလား၊ ငါ ထုတ်ပေးမယ် ပြောသဖြင့် သူ့ထံမှ ဘာသာပြန်စာအုပ်နှစ်အုပ်ရ၏။ တစ်အုပ်က “ရောဂါပိုးက ပေးသောဆေး။ စာအုပ်ပြီးတော့ စာမူခပေးရာ ကျွန်တော် ခြေတုန်လက်တုန် ဖြစ်နေ၏။ စာမူခက ငွေငါးရာ။ စာရေးလျှင် ဤမျှရမည်ဟု ကျွန်တော် မမျှော်လင့်မိ။ မုန့်ဖိုးတစ်နေ့ တစ်ကျပ်သာရ

သော ကျွန်တော့်အတွက် ထိုစာမူခက ရက်ငါးရာစာ မုန့်ဖိုးဖြစ်၏။ သူငယ်ချင်းခုနစ်ယောက် အလျှံပယ် ဝိုင်းသုံးကြတာ သုံးလလောက် သုံးရ၏။ ထိုစဉ်က ဒံပေါက်တစ်ပွဲ ဆိတ်သားဟင်းနှင့် တစ်ကျပ်။ ကြက်သားနှင့် ငါးမတ် (တစ်ကျပ်နှစ်ဆယ့်ငါးပြား) ဦးချစ်ဆိုင်က ဆိတ်သားထမင်းကြော်က တစ်ပွဲ ငါးမူး (ပြားငါးဆယ်)၊ ဘီယာအပျော့ (Pale Ale) က နှစ်ကျပ် ပြားခုနစ်ဆယ်၊ အပြင်းစား (Strong Ale) က သုံးကျပ်။ ကျွန်တော်က နောက်ထပ် စာတစ်အုပ်ထပ်ရေးသည်။ “ခန္ဓာကိုယ်အတွက် အစိတ်အပိုင်းသစ်များ။ စာမူခါ ငါးရာရပြန်သည်။ နောက်ထပ် သုံးလပျော်ပျော်ကြီး သုံးကြ။ “ရှုထောင့်ဂျာနယ်တွင်လည်း ကျွန်တော်က ပြဇာတ်တွေ၊ ဆောင်းပါးတွေ ရေး၏။

စာရေးတယ်ဆိုတာ ကိုယ်ပြောချင်တာလည်း သူများကို ပြောရ၊ နာမည်လည်းရ၊ ပိုက်ဆံပါရတာသိ၍ ထိုစဉ်ကစပြီး စာတွေဆက်တိုက်ရေးဖြစ်ပါသည်။ ၁၉၇၀ ပြည့်နှစ် ရန်ကုန်တက္ကသိုလ် ရွှေရတုနှစ်၌ ကျွန်တော်က “မနုဿသုံးလွှာ ဆိုသော ကဗျာစာအုပ်ထုတ်၏။ ဆေးတက္ကသိုလ်မှ သူငယ်ချင်း “အောင်ထွန်းလင်းနှင့် တွဲထုတ်ခြင်း ဖြစ်၏။ ကဗျာတွေကို ဘောင်ဒရီလမ်း (ယခု ဓမ္မစေတီလမ်း)၊ ဝိဇယရုပ်ရှင်ရုံဘေးရှိ “သီဟဗာဟု ပုံနှိပ်တိုက်တွင် ရိုက်သည်။ ပုံနှိပ်တိုက်မှာပင် ကဗျာတွေ ချရေးပြီး တိုက်ရိုက်ပုံနှိပ်ထုတ်ဝေခဲ့သည်။ ထိုစဉ်က စာပေစိစစ်ရေးတို့ဘာတို့လည်း မရှိ၍ လွတ်လပ်လှသည်။ အုပ်ရေတစ်ထောင်ကို တစ်အုပ်တစ်ကျပ်ဖြင့် ရောင်း၏။

 

ရွှေရတုပွဲတွင် တွေ့သမျှကျောင်းသား ကျောင်းသူများကို အတင်းလိုက်ရောင်းရာ နှစ်ရက်အကြာတွင် ရောင်းကုန်၏။ တစ်အုပ်ကို အရင်းက ပြားလေးဆယ်ပဲကျသည်။ တစ်ထောင်ကုန်တော့ အမြတ် ခြောက်ရာလောက်ရသည်။

ကျွန်တော်တို့ “သတ္တဗေဒမှာ ဘာသာရပ်အသစ် ဖြစ်သဖြင့် သင်ရိုးညွှန်းတမ်းစာအုပ် သီးသီးသန့်သန့်မရှိ။ ဆရာတွေက အင်္ဂလိပ်စာအုပ်တွေဖတ်ပြီး လက်တန်းသင် သည်။ စာမေးပွဲစစ်ခါနီးတော့ ဘာကျက်ရမယ်မှန်းမသိ၊ စာအုပ်ထဲမှာ မှတ်စု မည်မည်ရရမရှိ။ နီးစပ်ရာ ဆရာ ဆရာမတွေကို အောက်ကျခံပြီး အသနားခံရသည်။

အောင်မှတ်လောက်တော့ပြောပါ ဆရာမရယ် ဘာညာ။ ဆရာ ဆရာမတွေက ပြောတာပဲ ကျက်၏။ နှစ်တိုင်း လွယ်လွယ်ကူကူပင် အောင်ကြ၏။ “စနစ်သစ်က လက်တွဲခေါ်တယ်ဟုပင် ဆိုရိုးရှိ၏။ “မူကြိုကျောင်းနှင့် ကောလိပ်ကျောင်း အောင်ချက်အလွန်ကောင်း ဟု ပြောစမှတ်ဖြစ်လာ၏။ သို့သော် ထိုသို့ အလွယ်လိုက်ခဲ့သော ကျွန်တော်က စတုတ္ထနှစ်မှာ စာမေးပွဲကျ၏။ ထိုနှစ်က အတန်းထဲတွင် စာမေးပွဲကျသူ သုံးယောက်သာရှိရာ ထိုအထဲ၌ ကျွန်တော်အပါအဝင် နောက်တစ်နှစ် ထပ်တက်ရ၍ တက္ကသိုလ်အပျော် ဘဝကို ထပ်ရသည်။ စာလည်း ပိုရ လာ၏။ နောက်တစ်နေ့မှာ ဂုဏ်ထူး (Credit) အဆင့်ဖြင့် အောင်ပြီး မဟာသိပ္ပံတန်း တက်ခွင့်ရ၏။

ပညာတွေ တစ်ဝကြီး ဆည်းပူးခွင့်ရ ၁၉၇၂ ခုနှစ်တွင် စဖွင့်သော စာကြည့်တိုက်ပညာ ဘွဲ့လွန်သင်တန်းကိုတက်ရာ ဆရာဇော်ဂျီ၊ ဆရာတိုက်စိုး၊ ဆရာမင်းကျော်၊ ဆရာဦးသော်ကောင်း တို့ကဲ့သို့သော ပညာရှင်ကြီးများထံမှ ပညာတွေ တစ်ဝကြီး ဆည်းပူးခွင့်ရ ခဲ့၏။

ရန်ကုန်တက္ကသိုလ်နှင့် ခွဲမရသည်က အင်းလျားကန် ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်ကို စတင်တည်ဆောက်စဉ် ကတည်းက စိန်ပန်း၊ ကံ့ကော်အုပ်တွေဖြင့် စိမ်းစိုညိုမှိုင်းနေသော တောအုပ်ကြီးနှင့် လိုက်ဖက်ညီသော အင်းလျား ကန်ကို တမင်တကာပင် တက္ကသိုလ်၏ ဖွားဖက်တော် ရွေးချယ်ထားခဲ့ခြင်းဖြစ်သည်။

တစ်နေ့တာအမောတွေကို ပြေလျော့စေ

ညနေဆည်းဆာတွင် အင်းလျားကန်ပေါင် မြေနီလမ်း အတိုင်း ဒွိယံဒွိယံ လျှောက်လှမ်းလာကြသည့် “မိတ်ဆွေ အပေါင်းအသင်းမှ စိတ်အနေပြောင်းရင်း ချစ်သွားကြသူ ချစ်သူစုံတွဲတို့၏ တွတ်ထိုးသံအပျော်တွေက အင်းလျားလမ်း ပေါ်ဖိတ်စဉ်ကျလာသည်။ မြသားကမ္ဗလာ အင်းလျားရေပြင် ကို လျှပ်တိုက်ပြေးလွှားလာသော လေခြည်နုအေးလေးတွေက တစ်နေ့တာ အမောတွေကို ပြေလျော့စေ၏။ ကန်ပေါင် ထိပ်က ညောင်ညိုရိပ်အောက်က အကြော်စုံဆိုင်တွေမှ ခွေးခြေပုလေးများပေါ်တွင် ကျောင်းတော်သူ ကျောင်းတော် သားများအပြည့်။

တက္ကသိုလ်မှာ ပျော်ရွှင်ကြည်နူးရတာတွေ ရှိသော် လည်း ထိုစဉ်က အုပ်ချုပ်သူအစိုးရ၏ လက်အောက်တွင် ကျွန်တော်တို့ခေတ် ၁၉၆၀-၇၀ ပြည့်နှစ် ကျောင်းသားဘဝ ကား လုံးဝဥဿုံ လွတ်လပ်ပွင့်လင်းမှုကားမရှိ။ ကျောင်းသားအခွင့်အရေး တင်ပြရန် ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်မပြု။ အမှန်တရားဘက်မှ စွန့်စားရပ်တည်မည့် ကျောင်းသား တစ်စုက လွတ်လပ်ရေးတိုက်ပွဲကို ရယူခဲ့သည့် နောင်တော်ကျောင်းသား ခေါင်းဆောင်ကြီးများ ဖောက်ခဲ့ သောလမ်းကို ခြေရာနင်းလျှောက်လှမ်းခဲ့ကြ၏။ ကျွန်တော် တို့တက္ကသိုလ်မှ ဘွဲ့ရကြပြီး နိုင်ငံ့တာဝန်ကို အသီးသီး ထမ်းဆောင်ကြ၏။ ကျွန်တော်တို့ အနှစ်နှစ် အလလမျှော်မှန်းခဲ့သော မြင်ကွင်းကို ၂၀၁၈ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံအခမ်းအနား ရန်ကုန်တက္ကသိုလ်ပရဝဏ်တွင် ကျင်းပသည့်နေ့ကျမှ ကြက်သီးဖြန်းဖြန်းထ မြင်ရသည်။ အဓိပတိလမ်းအစမှ ဘွဲ့နှင်းသဘင်ခန်းမအထိ လမ်းဘေးဝဲ၊ ယာ ဓာတ်တိုင်တိုင်းတွင် ခွပ်ဒေါင်းအလံတွေ နီစွေးလွင့်ပျံလျက်။

အဓိပတိလမ်းမကြီးကား တည်ငြိမ်စွာခံ့ခံ့ကြီး လဲလျောင်းရင်း သူ့ကျောပေါ် နင်းလျှောက်လှမ်းလာ လတ္တံ့သောပညာတတ် အလောင်းအလျာ နိုင်ငံ့သားကောင်းများကို ဆက်လက်ကြိုဆိုငံ့လင့်လျက် .................။

ဟိန်းလတ်