ရွှေပြည်သာမြို့နယ်၊ ဝင်္ကပါစီမံကိန်း နယ်မြေအတွင်း ဖုန်းလုယက်မှု ကျူးလွန်သူ (၂) ဦးအား ဖမ်းဆီးရမိ

ရန်ကုန် ၈ နိုင်ဝင်ဘာ

 

ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင်များသည် နိုဝင်ဘာ ၄ ရက် နေ့လယ် ၃ နာရီ အချိန်တွင် ရွှေပြည်သာမြို့နယ်အတွင်း ခိုး၊ ဆိုး၊ လု၊ နှိုက် သတင်းများ စုံစမ်းဆောင်ရွက်နေစဉ် လုယက်မှုများကျူးလွန်ထားကြောင်း သတင်းရရှိထားသူ ဝေမင်းခန့် (ခ) ဝေကြီးနှင့် သူရိန်ထွန်း (ခ) မဲကြီးတို့ (၂) ဦးအား ရွှေပြည်သာမြို့နယ်၊ (၁၁) ရပ်ကွက်၊ ရဲရန်နိုင် ပတ်လမ်းပေါ်တွင် Redmi 5A အမျိုးအစား ပန်းရောင်လက်ကိုင်ဖုန်း(၁)လုံးကို လိုက်လံရောင်းချနေစဉ် ဖမ်းဆီးရမိခဲ့ပါသည်။

 

၎င်းတို့နှစ်ဉီးအား လက်ဝယ်တွေ့ရှိသည့် Redmi 5A အမျိုးအစား ပန်းရောင်လက်ကိုင်ဖုန်းနှင့် ပတ်သက်၍ စစ်မေးခဲ့ရာ ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ရွှေပြည်သာမြို့နယ်၊ (၁၉) ရပ်ကွက်၊ ဝင်္ကပါစီမံကိန်း နယ်မြေအတွင်းရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံအနီး လမ်းဘေးတွင်ရပ်၍ စကားပြောနေသည့် သမီးရည်းစားစုံတွဲထံမှ လုယူရရှိခဲ့သော လက်ကိုင်ဖုန်းဖြစ်ကြောင်း စစ်ဆေးသိရှိရပါသည်။ ဝေမင်းခန့် (ခ) ဝေကြီး အား စစ်ဆေးခဲ့ရာ စက်တင်ဘာလအတွင်းကလည်း ရွှေပြည်သာမြို့နယ်၊ ဇီးကုန်းကျေးရွာ၊ မြင်းလှည်းဂိတ်ဈေးလမ်းရှိ လမ်းဘေးတွင် ရပ်ထားသော ဆိုင်ကယ် (၁) စီးကို ခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါသည်။

 

ဆက်လက်ပြီး ဝေမင်းခန့် (ခ)ဝေကြီးနှင့် သူရိန်ထွန်း(ခ)မဲကြီး တို့(၂)ဦးအား အခြားပြစ်မှုများ ကျူးလွန် ထားခြင်းရှိ/မရှိ အသေးစိတ်စစ်ဆေးခဲ့ရာ ၎င်းတို့(၂)ဦးသည် ဇူလိုင်လနှင့် ဩဂုတ်လများအတွင်း ဝင်္ကပါစီမံကိန်းနယ်မြေအတွင်းမှ စုစုပေါင်း ဆိုင်ကယ်(၂)စီးနှင့် လက်ကိုင်ဖုန်း(၈)လုံးတို့အား လုယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

 

ထို့ကြောင့် ပြစ်မှု ကျူးလွန်သူ ဝေမင်းခန့် (ခ)ဝေကြီးနှင့် သူရိန်ထွန်း(ခ)မဲကြီး တို့(၂)ဦးအား ဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့