ရွှေညောင်-ကလော-သာစည် အစုန်၊ အဆန် မီးရထားခရီးစဉ်များ ပြန်လည်ပြေးဆွဲ

ကလော ၁၁ ဇူလိုင်

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ကလောမြို့နယ်တွင် ရွှေညောင်-ကလော-သာစည် အစုန်၊ အဆန် မီးရထားခရီးစဉ်များကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဧပြီလမှ စတင်ရပ်နားထားခဲ့ရာ ဇူလိုင် ၆ ရက် နံနက်ပိုင်းမှ စတင်ကာ နေ့စဉ်ပုံမှန်ပြန်လည်ပြေးဆွဲနေပြီဖြစ်ကြောင်း ကလောမြို့ မီးရထားဘူတာရုံမှ သိရသည်။

 

ယခင်က မြန်မာ့မီးရထားခရီးစဉ်များကို အစုန် နှစ်စင်း၊ အဆန် နှစ်စင်း ဖြစ်ပြေးဆွဲလျက်ရှိရာ ယခုအခါ ကိုဗစ်-၁၉ ကာလမှာ မီးရထားများရပ်နားထားသည့်အတွက် မိုးတွင်းကာလမှာ သွားလာရန်ခက်ခဲသည့် ကျေးရွာနေပြည်သူများ လူမှုရေး၊ စီးပွားရေး၊ သွားလာရေးအခက်ခဲများ အဆင်ပြေစေရန် အစုန် တစ်စင်း၊ အဆန် တစ်စင်းကို စတင်ပြေးဆွဲပေးလျက်ရှိသည်။

 

အဆိုပါ ရွှေညောင်-သာစည် အစုန်လူစီးကုန်တင်ရထားပြေးဆွဲရာတွင် ရွှေညောင်မြို့မှ နံနက် ၇ နာရီတွင် စတင်ပြေးဆွဲရာ ကလောမြို့သို့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်ရောက်ရှိပြီး ညနေ ၅ နာရီ သာစည်ဘူတာသို့ ဆိုက်ရောက်မည်ဖြစ်ကြောင်း၊ သာစည်-ရွှေညောင် အဆန်ရထားပြေးဆွဲရာတွင် သာစည်မြို့မှ နံနက် ၅ နာရီစတင်ပြေးဆွဲရာ ကလောမြို့သို နံနက် ၁၁ နာရီ ၃၅ မိနစ်ရောက်ရှိပြီး ရွှေညောင်မြို့သို မွန်းလွဲ ၃ နာရီ ဆိုက်ရောက်ကာ ခရီးစဉ်ပြေးဆွဲရာတွင် နေ့စဉ်ပုံမှန်ပြေးဆွဲလျက်ရှိသည်။

 

မီးရထား(၁)တွဲလျှင် လူစီး ၆၀ ဆံ့သော်လည်း တစ်ဦးလျှင် (၂)ခုံနှုန်းဖြင့် လူဦးရေ ၃၀ သာ ရောင်းချပေးလျက်ရှိပြီး မီးရထားတစ်စင်းလျှင် လူစီးတွဲ (၃)တွဲ ပါဆယ်တွဲ (၁)တွဲဖြင့် ပြေးဆွဲပေးကြောင်း၊ ယခုလို မီးရထားခရီးစဉ်များ ပြန်လည်ပြေဆွဲပေးခြင်းကြောင့် ခရီးသွားပြည်သူများနှင့် ကျေးလက်ဒေသ ထွက်ကုန်ပစ္စည်းများ အဆင်ပြေစေရေးနှင့် ရာသီပေါ်သီးနှံများ အချိန်မီပို့ဆောင်နိုင်ပြီဖြစ်ကြောင်း ကလောမြို့ မီးရထားဘူတာရုံပိုင် ဦးတင်မောင်ဌေးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)