ရေနံချောင်းမြို့နယ်၌ တိရစ္ဆာန်ဦးခေါင်းပုံသဏ္ဍာန်ဟု ယူဆရသည့် ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုတွေ့ရှိ

ရေနံချောင်း  ၆  ဇူလိုင်

 

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် တွင်းကုန်းရပ်ကွက် အနောက်မြောက်ဘက်ရှိ ရေနံမြေလုံခြုံရေးဂိတ် (၃၀၄၅) အနီးတွင် တိရစ္ဆာန်ဦးခေါင်းပုံသဏ္ဍာန်ဟုယူဆရသည့် ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုတွေ့ရှိကြောင်း သိရသည်။

 

အဆိုပါ ကျောက်ဖြစ်ရုပ်ကြွင်းကို တွင်းကုန်းရပ်ကွက်နေ ကိုမောင်မောင်ဟန်က ဆိတ်ကျောင်းသွားစဉ် လွန်ခဲ့သည့် တစ်လခွဲခန့်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ဇူလိုင် ၅ ရက် ညနေပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးရန်ခိုင်နှင့် ရေနံချောင်း ချစ်သူများအဖွဲ့က သွားရောက်ကြည့်ရှုခဲ့ရာ တိရစ္ဆာန်ဦးခေါင်းပုံသဏ္ဍာန် ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုဟု ယူဆပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများထံ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

 

၎င်းကျောက်ဖြစ်ရုပ်ကြွင်းအား ယနေ့ မွန်းလွဲ ၂ နာရီက မကွေးတိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အနုပညာဦးစီးဌာမှ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်သိန်း၊ ရေနံချောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမန်ကိုဟောနှင့် တာဝန်ရှိသူများ၊ ရေနံချောင်းဒီဂရီကောလိပ် ဘူမိဗေဒဌာနမှ  ဆရာ ဆရာမများက ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကျောက်ဖြစ်ရုပ်ကြွင်း၏ အပိုင်းအစများကို မကွေးဘူမိ‌ဗေဒဌာနသို့ ပေးပို့စစ်ဆေးအတည်ပြုကာ တူးဖော်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကိုစိုးကြီး