ရှေ့နေနှင့် သုခမှတ်စု

ဦးဟန်ညွန့် (ဥပဒေ)

နိဒါန်း

“ဆရာ”

“ဗျာ”

“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”

“ရှေ့နေနှင့် သုခမှတ်စုပါတဲ့”

“အကျိုးအကြောင်း ရှင်းပြပါဦးဆရာ”

“စာရေးဆရာ၊ ဒါရိုက်တာ ဆရာကြီး ဦးသုခရေးသား ပြုစုခဲ့တဲ့ သုခမှတ်စု စာအုပ်အကြောင်း တင်ပြချင်တာပါ”

“ဘာကြောင့်လဲဆရာ”

“ဆက်လက်ဖတ်ကြည့်ကြပါစို့”

 

mdn

 

ဆရာကြီးဦးသုခ

စာရေးဆရာ၊ ဒါရိုက်တာ ဆရာကြီး ဦးသုခသည် ကမ္ဘာကျော်သော မြန်မာပညာရှင်ကြီးဖြစ်သည်။ ဆရာကြီး၏ ဂုဏ်ပုဒ်များကို ရေး၍မကုန်နိုင်။ တစ်ချိန်သောကာလက ဆရာကြီးဦးသုခနှင့် ဆုံတွေ့ရပုံကို ယနေ့တိုင် ကျွန်တော်မှတ်မိနေဆဲ၊ သတိရဆဲဖြစ်သည်။ ၁၉၉၄ ခုနှစ်ကပါ။ ယနေ့ဆိုလျှင် အနှစ် ၂၀ ကျော်ပြီ။ ၂၅ နှစ်ခန့်ပင် ရှိပေပြီ။

ဧရာဝတီတိုင်းစာပေဟောပြောပွဲ

ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ၁၉၉၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက် (နတ်တော်လဆန်း ၈ ရက်) နေ့တွင် စာပေဟောပြောပွဲ တစ်ရပ်ကျင်းပခဲ့သည်။ ထိုစဉ်က ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌမှာ နတခတိုင်းမှူး ဗိုလ်ချုပ်တင်လှဖြစ်သည်။ တိုင်းမှူးက ထင်ရှားသော စာရေးဆရာကြီးများ ဖိတ်ကြားပေးပါဟု ကျွန်တော့်အား တာဝန်ပေးသည်။ သို့ဖြစ်ပါ၍ ဆရာကြီး ဦးသုခအား ကြွရောက်ဟောပြောပေးပါရန် ဖိတ်ကြားခဲ့ပါသည်။

ဆရာကြီး ဦးသုခနှင့်အတူ ပုသိမ်ကန်ကြီးထောင့်သား စာရေးဆရာကြီး မင်းယုဝေ၊ ရုပ်ရှင်မင်းသား ဇော်လင်းနှင့် မြတ်သစ်တို့လည်းပါဝင်သည်။ ဆရာကြီး ရိုက်ကူးသော “ရဟန်းစားရသော ဆွမ်းတစ်နပ်” ရုပ်ရှင်မှာ ထင်ရှားလှသည်။ ဆရာကြီး၏ စာပေဟောပြောပွဲ၌ ထိုရုပ်ရှင်ကိုပြသသည်။ ဇာတ်ဆောင်တစ်ဦးချင်းအကြောင်းကိုပါ မြန်မာ့ဆိုင်းဝိုင်းကြီးနှင့် တွဲဖက်ရှင်းပြဟောပြောသည်။ ပုသိမ်မြို့ ဧရာရွှေဝါခန်းမကြီးတစ်ခုလုံး ပဲ့တင်ဟည်းမျှ ပရိသတ်များတက်ရောက် နားထောင်ခဲ့ကြသည်။ ဆရာကြီး ဦးသုခ၏ဟောပြောမှုမှာ စေ့စပ်မှု၊ ငြိမ်းချမ်းမှု၊ တည်ငြိမ်ရင့်ကျက်မှု၊ မေတ္တာဓာတ် ထုံလွှမ်းမှုများဖြင့် ရစ်ပတ် ဖွဲ့နှောင်ပြည့်ဝနေလေသည်။ ယနေ့တိုင် မမေ့ရက်နိုင်ပါပေ။

သုခမှတ်စု

ကျွန်တော်တို့အားလုံး ဆရာကြီးဦးသုခ၏ လေ့လာဆည်းပူးမှုများကို လေးစားအားကျကြသည်။ နာယူမှတ်သားကြသည်။ ဆရာကြီးပြုစုသော ကျမ်းစာအုပ်၊ ဝတ္ထု၊ ရုပ်ရှင်အသီးသီးမှာ ဖတ်ရှုမှတ်သား၍မကုန်။ နာယူ၍မကုန်။ ဗဟုသုတအဖုံဖုံ ရရှိကြပေသည်။ ။ ယခုလည်း ကျွန်တော်၏ စာအုပ်စင်တွင် အမြဲနေရာ ယူထားပြီး နေ့စဉ်လေ့လာဖတ်ရှု ကိုးကားရသော ဆရာကြီးပြုစုသည့် “သုခမှတ်စု” ကျမ်းစာအုပ်အကြောင်း တင်ဆက်ပါရစေ။

အမှာ

၁၉၂၄- ၂၅ ခုနှစ် အလယ်တန်းကျောင်းသားဘဝ။ ငါးတန်း၊ ခြောက်တန်းလောက်က မြန်မာစာအဖြစ် ဝေဿန္တရာဇာတ်တော်ကို သင်ရပုံ၊ ထိုဇာတ်တော်ထဲက မှတ်စုများအတွက် မော်လမြိုင် ဘမြအင်ဆန်း စာအုပ်တိုက် မှ ဝေဿန္တရာမှတ်စု စာအုပ်တစ်အုပ်ကို လေးပဲနှင့်မှာ၍ ကြည့်ရပုံကို ဆရာကြီးဦးသုခက ရေးပြသည်။ ထို့နောက် အရူးလွယ်အိတ်ပမာ တွေ့မိရာရာ သုတ်၊ ဝိနည်း၊ အဘိ ဓမ္မာဆိုင်ရာကျမ်းများ၊ လောကီဗဟုသုတစာအုပ်များမှ မှတ်စု စုလာခဲ့ပုံ၊ နှစ်ကာလ ရှည်ကြာလာသည်နှင့်အမျှ အများအပြားရှိလာပုံ၊ မြန်မာစာပေအတွက် အထောက်အပံ့ဖြစ်သလောက် ဖြစ်လာသည်ကို သိရှိရသောကြောင့် ဆရာကြီးဒဂုန်ဦးထွန်းမြင့်ကို တောင်းပန်၍ သုတ်သင်ပြင်ဆင်စေပြီး ထုတ်ဝေခဲ့ကြောင်း ဆရာကြီး ဦးသုခက အမှာရေးသည်။

ဒဂုန်ဦးထွန်းမြင့်

ဆရာကြီး ဒဂုန်ဦးထွန်းမြင့်ကလည်း ဆရာကြီးဦးသုခ၏ မှတ်သားချက်များမှာ ဘာသာရေး ကျမ်းများကလည်းပါသည်။ ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ ဓာတ်ကျမ်းများကလည်းပါသည်။ ရာဇဝင်နှင့် သမိုင်းစာအုပ်များကလည်းပါသည်။

မြန်မာစာပေနှင့်ဆိုင်သော စာအုပ်များကလည်းပါသည်။ ဓမ္မသတ် ရာဇသတ် ဖြတ်ထုံးကျမ်းများကလည်း ပါသည်။ ပါဠိသဒ္ဒါကျမ်း၊ မြန်မာသဒ္ဒါကျမ်း၊ အဘိဓာန်ကျမ်း၊ အလင်္ကာကျမ်း၊ ဆန်းကျမ်းများကလည်း ပါသည်။ အဘိဓမ္မာဆိုင်ရာကျမ်း၊ ဝိနည်းဆိုင်ရာကျမ်းများကလည်း ပါသည်။ မည်သည့်ကျမ်းက ရေးမှတ်ထားသည်ဟု မပြောတတ်သော မှတ်စုများကိုလည်း တွေ့ရသည်။ ။

ဆရာကြီး ဦးသုခသည် ဤမှတ်စုများကို စာအုပ်ထုတ်ရန် ရည်ရွယ်ပြီး စုဆောင်းရေးသားခြင်းမဟုတ်ဘဲ စာတွေဖတ်သွားရင်း စာအုပ်ထဲတွင်တွေ့ရသည့် မှတ်သားစရာများကို နောင်အလိုရှိက အလွယ်တကူရအောင် ရေးမှတ်ထား ခြင်းသာဖြစ်သဖြင့် ၂ ပါးစုသတ်သတ်၊ ၃ ပါးစုသတ်သတ် စသည်ဖြင့် အစီအစဉ်အတိုင်း မဟုတ်ဘဲ ၂ ပါးပြီး ၅ ပါး၊ ၅ ပါးပြီး ၉ ပါး၊ ပြီးမှ ၃ ပါး၊ ၁၀ ပါး၊ ၄ ပါး၊ ၂ ပါး၊ ၁၅ ပါး၊ ၃ ပါး စသည်ဖြင့် ဖြစ်နေသောကြောင့် လက်နှိပ်စက်ဖြင့် တစ်ရွက်စီ ရိုက်ကူးဖို့ အကြံပေးရသည်။ ပြီးမှ ၂ ပါးစုချည်း သတ်သတ်၊ ၃ ပါးစုသတ်သတ်စုကာ အက္ခရာဝလိ အစဉ်အတိုင်း ထားလိုက်ရလေသည်။ ။

ဤစာအုပ်တွင် စီစဉ်ထားသော အက္ခရာဝလိအစီအစဉ်မှာ တက္ကသိုလ် မြန်မာအဘိဓာန်တွင်ထားသော အက္ခရာစဉ် ကာရန်အစဉ်အတိုင်းဖြစ်သည်။ ဆရာကြီးဦးသုခ ရေးမှတ်ထားသော မှတ်စုပေါင်း ၁၆၀၀ ကျော်ရှိသော်လည်း ပါဠိစာပေနှင့်သာဆိုင်သော မှတ်စုများနှင့် များစွာမလိုအပ်ဟုထင်သော မှတ်စုများကို ချန်ထားသဖြင့် ဤစာအုပ်တွင် မှတ်စုပေါင်း ၁၄၅၀ ခန့်သာ ပါလေသည်။ ဘဘဦးသုခ၏ သုခမှတ်စုထဲမှ မှတ်သားဖွယ်ရာ ကောင်းနိုးရာရာများအနက်မှ ကျွန်တော် နှစ်သက်သမျှ အောက်ပါအတိုင်း အကျဉ်းမျှ ကောက်နုတ်တင်ပြပါသည်

(၂) ပါးစုအကြောင်း

လောကပါလတရား (၂) ပါး

(၁) ဟီရိ= မကောင်းမှုကိုရှက်ခြင်း၊ (၂) သြတ္တပ္ပ= မကောင်းမှုကို ကြောက်ရွံ့ခြင်း

သရဏဂုံပျက်ရာသောအကြောင်း (၂) ပါး

 (၁)မိစ္ဆာဒိဋ္ဌိအယူကို ပြောင်းယူခြင်း၊ (၂) သေဆုံးခြင်း၊

(၃)ပါးစုအကြောင်း

ဘုရားသခင်၏စကား(၃)မျိုး

(၁) လူတို့၏စကား(၈)ခွန်းနှင့် အရှင်အာနန္ဒာတစ်ခွန်းညီမျှ၏။

(၂) အာနန္ဒာ ၁၆ ခွန်းနှင့်ဘုရားသခင် တစ်ခွန်းညီမျှ၏။

(၃) လူတို့၏စကားပေါင်း ၁၂၈ ခွန်းနှင့် မြတ်စွာဘုရားတစ်ခွန်းနှင့်ညီမျှ၏။

စေတနာ(၃)တန်

(၁) ပုဗ္ဗစေတနာ = ကုသိုလ်မပြုမီကြံစည်သည့်အခါ ဖြစ်သော စေတနာ၊

(၂) မုဉ္စစေတနာ = ကုသိုလ်ပြုစု ဖြစ်ပေါ်လာသော စေတနာ၊

(၃) ပရစေတနာ = ကုသိုလ်ပြုပြီးနောက်ဖြစ်သော စေတနာ။

မေတ္တာ(၃)ပါး

(၁) ဟိတဖရဏ မေတ္တာ = သတ္တဝါအပေါင်းတို့ဘေး ကင်းခြင်းကိုလိုလားခြင်း၊

(၂) ဥပစာရမေတ္တာ = ရန်သူ၊ ချစ်သူ၊ လျစ်လျူရှုသူ၊ ဤသုံးယောက်တို့ကို ကိုယ်နှင့်အတူချစ်ခြင်း၊

(၃) အပ္ပနာမေတ္တာ = ဈာန်စိတ်နှင့်ယှဉ်သောချစ်ခြင်း။

 (၃၁၁)ပါးစုအကြောင်း

ပါရဇိက ၈။ သံဃာဒိသိသ် ၁၇၊ နိဿဂ္ဂိယပါစိတ် ၃၀။ သုဒ္ဓပါစိတ် ၁၆၆။ ပါဋိဒေသနီယ ၈။ သေခိယ ၇၅။ အဓိကရဏသမထ ၇။ ပေါင်း ၃၁၁ ပါး။

မေတ္တာ ၅၂၈ အကြောင်း

မေတ္တာပို့ရာ၌ အရပ်ကိုမမှတ်ဘဲပို့သော ၄၈ နှင့် အရပ်ဆယ်မျက်နှာမှတ်၍ပို့သော ၄၈၀- နှစ်ရပ်ပေါင်းလျှင် ၅၂၈ ဖြစ်ပါသည်။

ဇာတ်တော် ၅၅ဝ အကြောင်း

၅၅၀ ဇာတ်တော်တို့ကို သုတ္တန်ပိဋကတ်တော်၊ ဥဒ္ဒက နိကာယ် အဝင်အပါ ပါဠိဇာတ်ပါဠိတော်တွင် ဟောတော် မူရာ ၅၅၀ ဟု ခေါ်ပါသည်။

နေရာအတိုင်းအတာအရ (အခြားမှတ်သားဖွယ်ရာများ ဆက်လက်လေ့လာဖတ်ရှုကြပါရန်)။

ပါရမီစာပေမှ ၂၀၁၈ ခုနှစ်၊ ဆဋ္ဌမအကြိမ်ထုတ်ဝေသော သုခမှတ်စုစာအုပ်ကို ရည်ညွှန်းပါသည်။

နောက်ဆုံးခရီး

ဆရာကြီးဦးသုခ (ဘဘဦးသုခ) သည် ၂၀၀၅ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်နေ့တွင် ကွယ်လွန်ရှာသည်။ ဘဘဦးသုခ ကွယ်လွန်သော်လည်း (လူသေသော်လည်း နာမည်မသေ)။ ဘဘ၏ အနုပညာ၊ စာပေ၊ လူမျိုးနှင့် ဘာသာ သာသနာအတွက် တန်ဖိုးမဖြတ်နိုင်သော အမွေတွေ ပေးခဲ့ပေသည်။

နိဂုံး

(၁) ဘဘဦးသုခ၏မေတ္တာတရား၊ စေတနာစကားများသည် ယနေ့တိုင် ရှင်သန်နေဆဲ၊ ပျံ့လွင့်နေဆဲ ...။

(၂) ဘဘဦးသုခ၏ သုခမှတ်စုသည် ဖတ်၍မကုန်၊ မှတ်၍မကုန်၊ ထာဝစဉ် ပွားများရှင်သန်လျက်ရှိပါကြောင်း ...