ရှေ့နေနှင့် စီးပွားရေးအမြင်

ဦးဟန်ညွန့် (ဥပဒေ)

 

နိဒါန်း
“ဆရာ”
“ဗျာ”
“ဒီတစ်ပတ်ဆောင်းပါးခေါင်းစဉ်က ဘာလဲဆရာ”

“ရှေ့နေနှင့် စီးပွားရေးအမြင်ပါတဲ့”

 

“ဘာအဓိပ္ပာယ်လဲဆရာ”

“စာရေးဆရာ စောနိုင်(အသုံးချဘောဂဗေဒ)ရေးတဲ့ ဒီမိုကရေစီနိဒါန်းကာလ မြန်မာ့စီးပွားရေးမြင်ကွင်း အကျဉ်းအကျယ်”စာအုပ်မှာ ကျယ်ကျယ်ပြန့်ပြန့် ရှင်းပြထားတာကို သဘောကျလို့ ထပ်ဆင့်တင်ပြချင်လို့ပါ ”

 

“စိတ်ဝင်စားပါတယ်ဆရာ”
“ ကိုင်း- ဒါဖြင့် ဖတ်ကြည့်ကြစို့- ”

 

စီးပွားရေးအမြင်
ကျွန်တော်သည် စီးပွားရေးအကြောင်း ဘာမှမသိပါ။ နားမလည်ပါ။ စီးပွားရေးအမြင်လည်းမရှိပါ။ ထို့ကြောင့် အခါအခွင့်သင့်တိုင်း စီးပွားရေးဆိုင်ရာ ဗဟုသုတများ ရှာဖွေလေ့လာဖတ်ရှုရပါသည်။ ယခု စာရေးဆရာ စောနိုင် (အသုံးချဘောဂဗေဒ)ရေးသောစာအုပ်ကို ဖတ်ခွင့်ရပါပြီ။

 

မြန်မာ့စီးပွားရေးမြင်ကွင်းအကျဉ်းအကျယ်
စကားဦး
ဤစာအုပ်တွင် ဗဟိုဘဏ်၊ ကျပ်ငွေ၊ ဒေါ်လာငွေ အခြေအနေများအပါအဝင် မြန်မာ့စီးပွားရေးအဆောက်အအုံ အတွင်းရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင်အခွင့်အလမ်း၊ မြန်မာနှင့် အဆက်အစပ်ရှိသော အိမ်နီးချင်း အာရှနိုင်ငံအချို့၊ ပြည်တွင်းစီးပွားရေးအခြေအနေ၊ အတွေ့အကြုံအချို့ကို စောနိုင်(အသုံးချဘောဂဗေဒ)က စိတ်ဝင် စားဖွယ် ဖော်ထုတ်ရေးသားထားကြောင်း မောင်မောင်စိုး (Ph.D,Poland) အငြိမ်းစားပါမောက္ခ (အသုံးချဘောဂ ဗေဒဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်)က စကားဦးအမှာ ရေးထားသည်။

 

စာရေးသူ၏မျှဝေစကား

စာရေးသူစောနိုင်(အသုံးချဘောဂဗေဒ)(နိုင်ငံတော် သမ္မတရုံး၊ ညွှန်ကြားရေးမှူး)အနေဖြင့် မိမိ စိတ်ဝင်တစား လေ့လာခဲ့၊ လေ့လာဆဲ ဘောဂဗေဒအယူအဆများကို အသုံးပြုလျက် ပြုပြင်ပြောင်းလဲရေးကာလ ဖြတ်သန်းနေရ သည့် အမိနိုင်ငံ၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးတွင် အုတ်တစ်ချပ်သဲတစ်ပွင့် အားထုတ်လိုစိတ်ဖြင့် မြန်မာ့လူ့အဖွဲ့အစည်းအတွင်းရှိ မြင်တွေ့၊ ကြားသိနေရသော အခြေအနေများစွာကို စိတ်ဝင်တစားလေ့လာ၍ ဆင်ခြင်စရာများ၊ ပြုပြင်စရာများကို တွေးတောအားထုတ်ကာ ရေးသားခဲ့ချက်များကိုစုပေါင်း၍ စာအုပ်ထုတ်ခဲ့ခြင်း ဖြစ်သည်။ ရှုမြင်သုံးသပ်ချက် တွေ့ကြုံခံစားမှုလည်း ဖြစ်သည်။

 

အမျိုးစုံ ကြိုးခုန်နေတဲ့ဒေါ်လာ

“အမျိုးစုံ ကြိုးခုန်နေတဲ့ဒေါ်လာပဲဗျ” ဟု ရွှတ်နောက် နောက်ဆိုလာသည်။ သူ၏စကားက ယခုဒေါ်လာစျေးနှုန်း ဖြစ်နေပုံနှင့် အံကိုက်ဖြစ်သွား၏။ အမှန်ဖြစ်နေသည်မှာ ဒေါ်လာသည် မြန်မာ့စီးပွားရေးအဆောက်အအုံထဲ၌ ကြိုးခုန်နေရုံသက်သက်မဟုတ်။ ကြိုးခုန်လျက် လှေကား ထစ်ပေါ်သို့တက်နေသည့် အခြေအနေမျိုးဖြစ်သည်။ ဒေါ်လာငွေသည် အမှန်တကယ်ပင် တစ်နေ့တစ်မျိုး မရိုး သည့်ပုံစံဖြင့် ကြိုးခုန်၍ အထက်သို့တက်နေလေပြီ။

(စာ-၃၃)ဟူသော လူထုအသံ။

 

စိန်ခေါ်နေတဲ့ဒေါ်လာ

“စိန်ခေါ်နေတဲ့ဒေါ်လာ” ဟု တပ်ထားသော်လည်း လက်ရှိကြုံတွေ့နေရသည့် အခြေအနေမှာ ဒေါ်လာသည် မြန်မာ့စီးပွားရေးကို စိန်ခေါ်သည့်အဆင့်ထက်များစွာ ကျော်လွန်လျက် လက်တွေ့ကျကျ အခက်အခဲများပေး လျက်ရှိနေသည်။ ဒေါ်လာစျေးနှုန်း၏ စိန်ခေါ်ခြင်းခံရသည့် မြန်မာ့စီးပွားရေးအဆောက်အအုံအတွင်း အခက်အခဲများ၊ အကျပ်အတည်းများရှိလာနေသည့်တိုင် ဥပဒေအရဖြစ်စေ၊ သီအိုရီအရဖြစ်စေ တာဝန်ရှိသည့်ဌာနများ၊ အဖွဲ့အစည်း များ၏ တုံ့ပြန်မှုအခြေအနေမှာမူ မထုံတက်သေးဖြစ်နေသည်ဟု ခံစားရ၏။ ဖြစ်လာသောအခြေအနေကို တုံ့ပြန် နိုင်စွမ်းမရှိတော့၍ “ဖြစ်သမျှအကြောင်းအကောင်း”ဟု သဘောပိုက်၍ နှမလက်လျှော့နေလေသလော။(စာ-၄၁) ဟူသော စူးရှသောဝေဖန်သံ။

 

အပ်ကြောင်းထပ်ဒေါ်လာဝေဒနာ

ဒေါ်လာစျေးဟု အလွယ်ခေါ်သည့် ပြည်တွင်းသုံးကျပ်ငွေနှင့် ဒေါ်လာလဲလှယ်နှုန်းမြင့်တက်သည့် ဆိုးကျိုးများကို မြန်မာ့စီးပွားရေးအဆောက်အအုံထဲ၌ ခံစားနေရသည်မှာ ကြာလေပြီ။ ကမ္ဘာ့နိုင်ငံများအကြား စီးပွားရေး၊ ကုန်သွယ် ရေး၊ ငွေရေးကြေးရေး စသည်ဖြင့် အရေးအရာပေါင်းစုံ တို့သည် ယခင်ကာလများနှင့်မတူဘဲ ပိုမိုနီးကပ်ဆက်စပ် လာနေသကဲ့သို့ အကောင်းအဆိုး သက်ရောက်မှုများသည် လည်း နိုင်ငံကြီးငယ်အားလုံးတို့အပေါ်တွင် ယခင်ကထက် ပိုမိုကြီးမားလာနေပြီဖြစ်သည်။(စာ-၄၇) ဟူသော စာရေး ဆရာ၏သုံးသပ်ချက်။

 

သေချာပေါက်အကျိုးစီးပွား

ဒီမိုကရေစီစနစ်ကိုကျင့်သုံးနေသည့် လူ့အဖွဲ့အစည်းများတွင် သဘာဝသယံဇာတကဏ္ဍ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ စီးပွားရေးအကျိုးအမြတ်ကိုသာမက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာ သက်ရောက်မှုများ ကိုပါ ထည့်သွင်းစဉ်းစားလာကြခြင်း၊ ရရှိလာသော အကျိုးအမြတ်များနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှုရှိစေရန် စီစဉ်ဆောင်ရွက်ခြင်းတို့ကို ယခင်အချိန်ကာလများကထက် ပိုမိုလုပ်ဆောင်လာနေကြပြီဖြစ်သည်။ သဘာဝ သယံဇာတထုတ်လုပ်ခြင်းမှ ရရှိလာမည့် အကျိုးအမြတ် များနှင့် သုံးစွဲမှုအခြေအနေများကို မှန်ကန်ပြည့်စုံစွာ စီစဉ် ထားနိုင်ခြင်းဖြင့် အစိုးရနှင့် နိုင်ငံသူ၊ နိုင်ငံသားများအကြား ယုံကြည်မှုအားကောင်းလာခြင်း၊ အဂတိလိုက်စားမှုအခြေ အနေများ လျော့နည်းသွားခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာနှင့် လူမှုရေးဆိုင်ရာများကြောင့် ဖြစ်ပေါ်လာနိုင်သည့် ပဋိပက္ခလျော့နည်းသွားနိုင်ခြင်း စသည့်အခြေအနေ များအတွက် အထောက်အကူများစွာဖြစ်လာပေလိမ့်မည်။(စာ-၇၁) ဟူသော မျှော်လင့်ချက်။

 

ရင်းနှီးမြှုပ်နှံမှုဥပဒေ

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြန်လည်ပြင်ဆင် ရေးဆွဲထုတ်ပြန်ခဲ့တာတွေ၊ နည်းဥပဒေတွေပြင်ဆင်ပေး တာတွေ ရှိခဲ့ပါတယ်။ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေအတွက် လမ်းညွှန်စည်းမျဉ်းစည်းကမ်းတွေကို လုပ်ဆောင် ပေးခဲ့တယ်။ ကုမ္ပဏီတွေနဲ့သက်ဆိုင်တဲ့ ဥပဒေကိုလည်း ခေတ်စနစ်နဲ့ လိုက်လျောညီထွေဖြစ်စေဖို့ ပြန်လည်ပြင်ဆင် တာတွေ၊ အက်ဖ်ဒီအိုင်တွေ ကြိုတင်စဉ်းစားတတ်တဲ့အချက်တွေဖြစ်တဲ့ လုပ်ခ၊ အခွန်အကောက်၊ သယ်ယူ ပို့ဆောင်ရေးစရိတ်နဲ့ အခြေခံအဆောက်အအုံ၊ ပြည်တွင်းစျေးကွက်အခြေအနေ၊ နိုင်ငံတကာ စျေးကွက်တွေနဲ့ ကုန်သွယ်ရေးသဘောတူညီမှုတွေ ချိတ်ဆက်ထားမှု၊ ပါဝင်နေမှုတွေ၊ နိုင်ငံရေးအခြေအနေ၊ ငွေလဲနှုန်း တည်ငြိမ်မှု အခြေအနေ စတာတွေကိုလည်း ထည့်သွင်းစဉ်းစားပြီး ပြင်ဆင်ဆောင်ရွက်နေတာတွေလည်း ရှိပါတယ်။ လုပ်ငန်းအမျိုးအစားပေါ် မူတည်ပြီး နောက်ထပ် ဖြည့်စွက်ထည့်သွင်းပံ့ပိုးပေးနိုင်ရေးတို့ကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။(စာ-၈၄) ဟူသော အကြံပြုချက်။

 

ကြေကွဲဝမ်းနည်းစရာ

မဟာချိုင်ဒေသမှာသာမဟုတ်၊ ထိုင်းနိုင်ငံတစ်ခုလုံးတွင် လည်းကောင်း၊ မလေးရှားအပါအဝင် အာရှနိုင်ငံအချို့ တွင်လည်းကောင်း အခက်အခဲများ၊ ဒုက္ခများကြောင့် မြန်မာ့ရွှေ့ပြောင်းလုပ်သားတို့ မျက်ရည်များစွာကျခဲ့ဖူး၏။ ဇွန်လ ၂၃ ရက်နေ့က မဟာချိုင်တွင်ကျခဲ့သော မြန်မာရွှေ့ပြောင်းလုပ်သားတို့၏ မျက်ရည်များမှာမူ ထိုမျက်ရည် မျိုးတော့မဟုတ်ပေ။ ၎င်းတို့ဆီရောက်ရှိလာသည့် မိခင် အတွက် ဂုဏ်ယူစိတ်၊ လေးစားကြည်ညိုစိတ်၊ အားကိုးစိတ် တို့ဖြင့် ကျခဲ့သည့်မျက်ရည်များပင် ဖြစ်လိမ့်မည်။ မိုးသည်းသည်းနှင့်အပြိုင် ပြိုဆင်းလာသော သူတို့မျက်ရည်များတွင် ဝမ်းနည်းဝမ်းသာ ခံစားမှုတို့ ရောပြွမ်းလျက်ရှိနေကြလိမ့်မည်။ မိခင်တစ်ယောက်၏ ကြီးမားသောမေတ္တာမျိုးဖြင့် စီမံအုပ်ချုပ်မည့် ခေါင်းဆောင်၏အားထုတ်မှုများအောက် တွင် ကြေကွဲဝမ်းနည်းစရာတို့ အဆုံးသတ်တော့မည်။ (စာ-၁၀၂) ဟူသော အားကိုးအားထားမျှော်လင့်ချက်။

 

မှတစ်ပါးအခြားမရှိ

စီးပွားရေးပညာရှင်များ၊ သုတေသီများနှင့် စာရေးဆရာများသည် အတွေးအခေါ် အိုင်ဒီယာများ၊ အတွေ့အကြုံများ ကို မျှဝေအကြံပြုနိုင်ရုံ၊ တွေးပူရုံကလွဲ၍ မည်သို့မျှမတတ်နိုင်။ ကုန်ထုတ်စွမ်းအားစုများကို ပိုင်ဆိုင်၍ လက်တွေ့ ကျကျဆောင်ရွက်နိုင်စွမ်းရှိသူ၊ အကောင်အထည်ဖော်ရန် အခွင့်အာဏာရှိသူ၊ တာဝန်ရှိသူများကသာ တတ်နိုင်ပါလိမ့် မည်။ ထိုသူများ ကြိုတင်သိမြင်၊ အလျင်အမြန် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါစေဟု မျှော်လင့် ဆုတောင်းမိရုံမှတစ်ပါး (စာ-၁၄၂) အခြားမရှိဟူသော ရင်မောသံ။

 

ရေစက်မကုန်၊ သတိနှင့်ဆုံတွေ့ရမည့်နဂါးများ

စာရေးဆရာစောနိုင်ကရေစက်မကုန်၊သတိနှင့်ဆုံတွေ့ရမည့်နဂါးများအကြောင်း တိုင်းပြည်နှင့် လူမျိုးကိုချစ်သော စိတ်ဖြင့် “သတိကြီးကြီးထားစောင့်ကြည့်ရန်လိုအပ် လျက်ရှိကြောင်း” (စာ-၁၂၄) တွင်ဖော်ပြထားပါသည်။

 

မြန်မာအဖွင့် ဗီယက်နမ်အကြည့်

မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ဆက်စပ်ပတ်သက်စရာများ ပို၍ရှိလာမည်။ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဒေသတွင်းအရေးကိစ္စများအပါအဝင် ပူးပေါင်းလုပ်ကိုင်စရာ၊ ဆက်သွယ်ဆောင်ရွက်စရာ အကြောင်းအရာ စုံလင်သည်။ ၂၀၁၁ ခုနှစ်မှစခဲ့သည့် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးပြောင်းလဲမှုများ သက်ဝင်လာချိန်တွင် ဗီယက်နမ်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် အကြည့်အမြင်များ၊ စိတ်ဝင်စားမှုများမှာ ဘေးတိုက် တန်းတူရည်တူအခြေအနေမှ အပေါ်မှအောက်သို့ ရှုမြင်လှုပ်ရှားသည့် အနေအထားသို့ ပြောင်းလဲလာခဲ့သည်ကို တွေ့ရသည်(စာ -၁၃၅) ဟု သုံးသပ်ထားသည်။

 

အကြွေဝေဒနာ ဆေးမြီတိုကုထုံးနှင့် ကျပ်ငွေစကိုင်ထားသော တုန်နေသည့်လက်

တစ်ကျပ်တန်၊ ငါးကျပ်တန်၊ နှစ်ဆယ်တန်၊ ငါးဆယ်တန်ငွေစက္ကူများသာဖြစ်လာသည်။ ထိုငွေအကြွေစက္ကူ များမှာလည်း မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် သုံးစွဲနေသော ငွေကြေးများအဖြစ်မှ တစ်ဆင့်ပြီးတစ်ဆင့် ပျောက်ကွယ်လျက်ရှိနေကြရာ ယခုဆိုလျှင် အသေးဆုံး အဖြစ်ကျန်ရှိနေသည့် ငါးဆယ်တန်ပင်လျှင် တစ်ခါတစ်ရံ ရှားပါးလျက် အင်အားပျော့ချင်သည့်အနေအထား ဖြစ်လာနေသည်။ ဤသို့ဖြင့် မြန်မာ့စီးပွားရေးအဆောက်အအုံ အတွင်း ငွေစက္ကူအကြွေများဟုခေါ်သည့် ကျပ်ငွေယူနှစ် အသေးလေးများသည် ပေါပေါများများမရှိဘဲ ရှားပါးလာ နေခြင်း၊ လုံးဝပျောက်ကွယ်သွားခြင်းမျိုး တဖြည်းဖြည်း ဖြစ်လျက်ရှိနေတော့သည်။ နေ့စဉ်ရုန်းကန်လှုပ်ရှားနေရ သော ဆင်းရဲနွမ်းပါးလူတန်းစားတို့၏ ဘဝများမှာလည်း နေ့စဉ်နှင့်အမျှ ချည့်နဲ့တုန်ယင်လျက် ရှိနေပါသည် (စာ-၁၅၇) ဟု ဆင်းရဲသားတို့အတွက် ပူပန်စိုးရိမ်ပေးထားသည် ကိုလည်း ဖတ်ရသည်။

 

အမြန်နုတ်ပေးစေချင်သော စိုက်ဝင်နေသည့်ဆူး

ရုံးပိတ်ရက်တစ်ရက် နံနက်စောစောအချိန်ဖြစ်သည်။ လမ်းလျှောက်ထွက်ရင်း လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်ကို လှမ်းကြည့်လိုက်ရာ လူငယ်တစ်စု စကားပြောနေကြသည်ကို တွေ့လိုက်ရသည်။ ရင်းနှီးနေသူများဖြစ်နေကြ၏။ စာရေးသူလည်း ၎င်းတို့ဘေးတွင် ဝင်ထိုင်ရင်းပြောနေသည့် အကြောင်းများကို နားထောင်မိသည်။ သူတို့ လေးယောက်သည် တစ်ရပ်ကွက်တည်းနေ သူငယ်ချင်းများဖြစ်ကြပြီး နှစ်ယောက်က လူပျိုလူလွတ်၊ ကျန် နှစ်ယောက်မှာ သားသမီးငယ်လေးများရှိသည့် အိမ်ထောင်သည်များဖြစ်ကြသည်။ လူပျိုနှစ်ယောက်တွင် တစ်ယောက်က လက်သမားဆရာဖြစ်ပြီး အခြားတစ်ယောက်မှာမူ အစိုးရဌာနရုံးတစ်ရုံးမှ အရာရှိငယ် တစ်ယောက်ဖြစ်၏။ အိမ်ထောင်သည်နှစ်ဦးမှာမူ တစ်ဦးက တက္ကစီအငှားယာဉ်မောင်းသမား၊ ကျန်တစ်ဦးက နံနက်စောစော သတင်းစာ ဖြန့်ဝေသည့် အလုပ်လုပ်ရင်း သတင်းစာ၊ ဂျာနယ် ယာယီဆိုင်ငယ်လေးဖွင့်ပြီး ရောင်းချနေသူ။

 

သူတို့ပြောနေသည်မှာ ကြားနေကျသောဘောလုံးပွဲ အကြောင်း၊ နှစ်လုံး၊ သုံးလုံးအကြောင်းတို့ မဟုတ်ဘဲ ၎င်းတို့၏ အလုပ်အကိုင်အဆင်မပြေမှု၊ စားဝတ်နေရေး ကျပ်တည်းမှု ဝေဒနာသံများ ဖြစ်နေသည့်အကြောင်း (စာ-၁၇၄)ကို ဆရာစောနိုင်က ပွင့်ပွင့်လင်းလင်း ရေးသားထားသည်မှာ စူးစူးရှရှ လေးစားစရာပါ။

 

အခြားဖတ်စရာ မှတ်စရာများ

၂၀၂၀၊ မတ်လတွင် လွင်သစ္စာစာပေတိုက်က ထုတ်ဝေသော စာရေးဆရာစောနိုင် (အသုံးချဘောဂဗေဒ)၏ စာအုပ်တွင် ပုဒ်ရေ(၃၀)ပါရှိရာ အခြားဆောင်းပါးများကို စာရှုသူများ ဆက်လက်ရှာဖွေဖတ်ရှုကြစေချင်ပါသည်။

 

နိဂုံး
(၁) စားဝတ်နေရေးသည် ကျွန်တော်တို့အားလုံးအတွက် အခြေခံလိုအပ်ချက်ဖြစ်သည်။

(၂) စီးပွားရေးသည်လည်း စားဝတ်နေရေးအတွက် အဓိကကျသည်။ စီးပွားရေးအမြင်ရှင်သန်မှဖြစ်မည်။

(၃) စီးပွားရေးအမြင် ရှင်သန်အောင် ပျိုးထောင်ပေးသော စာရေးဆရာစောနိုင် (အသုံးချဘောဂဗေဒ) ၏ စာအုပ်ကို ကြေးမုံစာချစ်သူများ ဖတ်ရှုလေ့လာသင့်ပါကြောင်း . . . ။  ။