ရှေ့နေလောက တစ်ခေတ်ဆန်းသစ်စေဖို့ တရားလွှတ်တော်ရှေ့နေများ(ဘား)ကောင်စီရွေးကောက်ပွဲမှာ ပါဝင်မဲပေးကြပါစို့

 

 

 

မြန်မာနိုင်ငံ တရားလွှတ်တော်ရှေ့နေများကောင်စီခေါ် မြန်မာနိုင်ငံဘားကောင်စီ ရွေးကောက်ပွဲကြီးကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ ၂ ရက်နေ့တွင် မြန်မာနိုင်ငံအနှံ့အပြား၌ မဲရုံများဖွင့်လှစ်ကာ ကောင်စီဝင်လူကြီးများကို တရားလွှတ်တော်ရှေ့နေကြီးများကိုယ်တိုင် မဲပေး၍ ရွေးကောက် ပွဲ တင်မြှောက်ကြတော့မည် ဖြစ်သည်။

 

လွန်ခဲ့သောနှစ်ပေါင်း ၃၀ ကျော်ကာလက ယခု ကဲ့သို့ ဘားကောင်စီအမှုဆောင်လူကြီးများကို ရှေ့နေ ကြီးများကိုယ်တိုင် ရွေးကောက်တင်မြှောက်ခဲ့ကြသော် လည်း ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံနောက်ပိုင်း နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ စစ် အစိုးရက ဘားကောင်စီဥပဒေကိုပြင်ဆင်ကာ အမှု ဆောင်လူကြီးများကို အစိုးရခန့်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယခု ပြည်သူ့အစိုးရလက်ထက်တွင် ၂၀၁၉ ခုနှစ် ဘားကောင်စီဥပဒေကို ပြန်လည်ပြင်ဆင်ချက် အရ ဘားကောင်စီအမှုဆောင် ရွေးကောက်ပွဲကြီးကို ပြန်လည်ကျင်းပခွင့် ရရှိခဲ့ခြင်းဖြစ်သည်။

 

ဘားကောင်စီ(သို့မဟုတ်)တရားလွှတ်တော်ရှေ့နေများကောင်စီ

မြန်မာနိုင်ငံတွင် ဥပဒေဘွဲ့ရပြီးသူများအနေဖြင့် ရှေ့နေရှေ့ရပ်အဖြစ် ဆောင်ရွက်ရန် ဦးစွာအလုပ်သင် ရှေ့နေအဖြစ် သင်ယူကြရပြီးမှ အထက်တန်းရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခွင့် ရရှိကြပါသည်။ ထို့နောက်မှ အဆင့်မြင့်တရားရုံးများသို့ လိုက်ပါဆောင်ရွက်ခွင့်ရသည့် တရားလွှတ်တော်ရှေ့နေအဖြစ် လျှောက်ထားရရှိကြ ရပါသည်။

ဘား(The Bar) ဆိုသည်မှာ အဆင့်မြင့်တရားရုံးများ တွင် ရှေ့နေအဖြစ် အသက်မွေးမှုအလုပ်အကိုင်ဟူ၍ လည်းကောင်း၊ အမျိုးမျိုးသော ရှေ့နေရှေ့ရပ်လုပ်ငန်းဟူ၍ လည်းကောင်း အဓိပ္ပာယ်ဖွင့်ဆိုထားပါသည်။ ကောင်စီ ဆိုသည်မှာ အုပ်ချုပ်ရေးအဖွဲ့အစည်းဟု ဆိုလိုပါသည်။

ထို့ကြောင့် ဘားကောင်စီဆိုသည်မှာ တရား လွှတ်တော်ရှေ့နေများဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ (သို့မဟုတ်) ရှေ့နေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ပင် ဖြစ်ပါသည်။

 

အဆင့်မြင့်ရှေ့နေများ၏ အခေါ်အဝေါ်မှာ မြန်မာ နိုင်ငံ အမြင့်ဆုံးတရားရုံး၏အခေါ်အဝေါ်များအတိုင်း တရားလွှတ်တော်ခေတ်များတွင် တရားလွှတ်တော် ရှေ့နေ၊ ဗဟိုတရားရုံးခေတ်တွင် ဗဟိုတရားရုံးရှေ့နေနှင့် တရားရုံးချုပ်ခေတ်တွင် တရားရုံးချုပ်ရှေ့နေဟူ၍ အမျိုး မျိုးခေါ်ဆိုခဲ့ကြသလို ဘားကောင်စီကိုလည်း တရား လွှတ်တော်ရှေ့နေများကောင်စီ၊ ဗဟိုတရားရုံးရှေ့နေများ ကောင်စီနှင့် တရားရုံးချုပ်ရှေ့နေများကောင်စီဟူ၍ အမျိုးမျိုးခေါ်ဆိုခဲ့ကြပါသည်။

 

ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ဘားကောင်စီဟု အမည်တူချင်မှတူမည်ဖြစ်သော်လည်း နိုင်ငံလုံးဆိုင်ရာ ရှေ့နေရှေ့ရပ်အဖွဲ့များ အသီးသီးရှိကြပါသည်။ နိုင်ငံ အတွင်း၌ဖြစ်စေ၊ အခြားနိုင်ငံများနှင့် ယှဉ်၍ဖြစ်စေ အရေး အခင်းများ၊ ဥပဒေပြဿနာကြီးများ ပေါ်ပေါက်လာသည့် အခါ နိုင်ငံသားများနှင့်တကွ နိုင်ငံတကာကပါ ဘား ကောင်စီကဲ့သို့ အဆိုပါ ရှေ့နေရှေ့ရပ် အဖွဲ့အစည်းများထံမှ အမှန်တရားနှင့် တရားမျှတမှုအတွက် ခိုင်မာစွာရပ်တည် ပေးရန် အားကိုးမျှော်လင့်စွာ တောင်းဆိုခြင်းများ ပြုကြလေ့ရှိပါသည်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံ ကာလအတွင်း (ဘားကောင်စီ) ဗဟိုတရားရုံး ရှေ့နေများ ကောင်စီမှ မဆလအစိုးရအပေါ် ထုတ်ပြန်ခဲ့သော ကြေညာချက်များသည် နိုင်ငံသားများ၏ အားကိုးခြင်း ခံခဲ့ရသကဲ့သို့ နိုင်ငံတကာမှလည်း အလေးအနက်ထား ယုံကြည်လေးစားခဲ့ကြပါသည်။ ဤသည်မှာ ဘား ကောင်စီတစ်ခု၏ ဂုဏ်သိက္ခာ ဩဇာအရှိန်အဝါနှင့် တာဝန်တို့ကို သိသာထင်ရှားစေသော စံနမူနာတစ်ခုသာ ဖြစ်ပါသည်။

 

မြန်မာနိုင်ငံမှ လက်ရှိဘားကောင်စီသည် နိုင်ငံအတွင်း လိုက်ပါဆောင်ရွက်ကြမည့် ရှေ့နေရှေ့ရပ်များကို အသိ အမှတ်ပြုပေးခြင်း၊ ကျင့်ဝတ်များသတ်မှတ်ပေးခြင်း၊ ထိန်း ကျောင်းကြပ်မတ်၍ လိုအပ်သလို အရေးယူအပြစ်ပေးခြင်း စသည့်လုပ်ငန်းများသာ ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။

 

အမှန်စင်စစ် ရှေ့နေများ၏ နိုင်ငံလုံးဆိုင်ရာ ဦးဆောင် အဖွဲ့အစည်းဖြစ်သည့် ဘားကောင်စီသည် မြန်မာနိုင်ငံ အတွင်း ရှေ့နေများ၏ ကျင့်ဝတ်သိက္ခာတိုးတက်မြင့်မားလာစေရေး၊ ရှေ့နေရှေ့ရပ်များ၏ ဥပဒေဆိုင်ရာအရည် အသွေးများ၊ စွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာ စေရေး၊ တရားရုံးတော်များနှင့် နိုင်ငံသားများ ရှေ့မှောက် ရှေ့နေရှေ့ရပ်များ၏ ဂုဏ်သိက္ခာအဆင့်အတန်း တိုးတက် မြင့်မားလာစေရေး၊ မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုး ရေး၊ လူ့အခွင့်အရေးများ၊ နိုင်ငံသားအခွင့်အရေးများ မျှတမှန်ကန်စွာရရှိရေး၊ ကမ္ဘာ့တန်းဝင်ဥပဒေပညာရှင်များ ပေါ်ထွန်းလာစေရေး၊ ရှေ့နေရှေ့ရပ်များ၏ ကံကြမ္မာကို ရှေ့နေများကိုယ်တိုင် စီမံခန့်ခွဲခွင့်ရရှိရေး စသည်ဖြင့် ကြိုးပမ်းဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါသည်။

 

ခေတ်ဟောင်းက သင်ခန်းစာများ

 

ရှေ့နေရှေ့ရပ် ဆရာ့ဆရာကြီးများက လက်ဆင့်ကမ်း ဆုံးမဩဝါဒပေးခဲ့သည်မှာ ရှေ့နေရှေ့ရပ်လုပ်ငန်းသည် အလွန်မွန်မြတ်သန့်စင်လှသော အသက်မွေးဝမ်းကျောင်း ပြုမှုတစ်ခု ဖြစ်ကြောင်း၊ လူ့သဘာဝ လောကသဘာဝကို အခြေပြု၍ အမှန်တရားနှင့် တရားမျှတမှုကို ရှာဖွေကာ လူသားတို့၏ လောဘ၊ ဒေါသ၊ မောဟများကို ငြိမ်းချမ်း သွားအောင် အကျိုးဆောင်ပေးရသည့် လုပ်ငန်းဖြစ်သော ကြောင့် ဉာဏ်ပညာထက်မြက်ရုံမျှမက မြင့်မြတ်သည့် စိတ်ဓာတ်၊ မွန်မြတ်သည့် စေတနာနှင့် အများအကျိုးအတွက် ပေးဆပ်အနစ်နာခံလိုစိတ်လည်း ထားရှိကြရန်လိုကြောင်း ဟူ၍ဖြစ်ပါသည်။

 

မြန်မာနိုင်ငံအတွင်း ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းခြင်း နှင့်အတူ ဒီမိုကရေစီအခွင့်အရေးများ၊ လူ့အခွင့်အရေးများ ဖျက်သိမ်းခံခဲ့ကြရသကဲ့သို့ အမှန်တရားနှင့်တရားမျှတ မှုအတွက် ပြောဆိုလုပ်ကိုင် ဆောင်ရွက်ခွင့်များမှာလည်း နည်းမျိုးစုံဖြင့် ဖိနှိပ်ချုပ်ချယ်ညှဉ်းပန်းနှိပ်စက်မှုများ အောက်မှ အလွန်ခက်ခဲစွာ ရုန်းကန်ခဲ့ကြရပါသည်။

 

တရားဥပဒေအထက်တွင် အာဏာရှင်များ၊ အမိန့် ညွှန်ကြားချက်များ၊ စီမံချက်များရှိခဲ့ကြပြီး ရှေ့နေရှေ့ရပ် လုပ်ငန်းများမှာ ပျက်ပြားမသွားရုံမျှသာ ရှင်သန်ခဲ့ ကြရသည်။

 

ရှေ့နေရှေ့ရပ်တို့သည် အာဏာရှင်များ၏ ဘောင် ခတ်ထားသော ကျဉ်းမြောင်းသည့် အခွင့်အရေးလေး အတွင်း မရမကရပ်တည်၍ လုပ်ကိုင်ခဲ့ကြရခြင်းများရှိသလို ရေလိုက်ငါးလိုက် လုပ်ကိုင်ခဲ့ကြရခြင်းများလည်းရှိပါသည်။ အချို့မှာ အာဏာရှိသူများ၊ လုပ်ပိုင်ခွင့်ရှိသူများနှင့် ပူးပေါင်း ၍ စီးပွားရှာခဲ့ကြသူများလည်း ရှိပါသည်။ အချို့မှာ မတရား မှုများအပေါ် သည်းမခံနိုင်ကြရာမှ ရှေ့နေလိုင်စင် အသိမ်း ခံခဲ့ရသည့်အပြင် လူပါထောင်တန်းကျသည်အထိ ခါးသီး မှုများလည်း ကြုံတွေ့ခဲ့ကြရပါသည်။

 

မည်သို့ပင်ဆိုစေ အာဏာရှင်ခေတ်စနစ်တွင် ရှေ့နေ ရှေ့ရပ်လုပ်ငန်းများမှာ နိမ့်ကျသည်ထက် နိမ့်ကျအောင် ဖိနှိပ်ခံခဲ့ကြရသည်မှာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကြုံတွေ့ခဲ့ရ သည့် ဖြစ်စဉ်များအတိုင်းသာ ဖြစ်ပါသည်။ မြန်မာနိုင်ငံ တွင်လည်း နှစ်ပေါင်း ၅၀ ကျော် အာဏာရှင်ခေတ်ကာလ များက ရှေ့နေရှေ့ရပ်မျိုးဆက်များသည် အကျပ်အတည်း များ၊ အခက်အခဲများ၊ အားနည်းချက်များ၊ အမှားအယွင်းများ၊ မပြည့်စုံမှုများ၊ ချို့တဲ့မှုများ၊ အဆင်မပြေမှုများ၊ ဖိနှိပ်မှုများ ကြားမှ မိမိတို့ရှင်သန်ရပ်တည်ရေး၊ တရားမျှတမှုရရှိရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို တတ်စွမ်းသမျှ ရုန်းကန်ကြိုးပမ်းခဲ့ကြရာတွင် ဘားကောင်စီအနေဖြင့် ရှေ့နေများအပေါ် အရေးယူအပြစ်ပေးခြင်းများကိုသာ ကြားသိကြရပြီး ရှေ့နေလောကကြီး မြင့်မားတိုးတက် လုံခြုံစေရန် ခေတ်စနစ်အခြေအနေအရ လုပ်ခွင့်မသာခဲ့ ကြောင်းတွေ့ရှိရသည်မှာလည်း သင်ခန်းစာရယူဖွယ် ဖြစ်ပါသည်။

 

သို့ပါသောကြောင့် ယနေ့ပြည်သူ့အစိုးရခေတ်တွင် ဘားကောင်စီဥပဒေကို ပြုပြင်ပြောင်းလဲနိုင်ခဲ့သလို ဖြစ်ပေါ် လာမည့် ဘားကောင်စီအသစ်မှလည်း ရှေ့နေရှေ့ရပ် လောကကို စိတ်ပိုင်း၊ ရုပ်ပိုင်း၊ ဂုဏ်သိက္ခာပိုင်း၊ ဥပဒေပညာ ပိုင်းဆိုင်ရာ ကိစ္စအဝဝတွင် ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရေး မြှင့်တင်အထောက်အကူပေးခြင်းဖြင့် မြန်မာနိုင်ငံရှေ့နေ လောကကြီး တစ်ခေတ်ဆန်းသစ်စေရေး ကြိုးပမ်းဆောင် ရွက်ရန် အခွင့်အရေး ပေါ်ပေါက်လာပြီ ဖြစ်ပါသည်။

 

ရှေ့နေအားလုံး၏တာဝန်

 

ထို့ကြောင့် ရှေ့နေလောကကြီး မြင့်မားတိုးတက်စေရေး အတွက် အခွင့်အလမ်းကောင်းကို မှန်မှန်ကန်ကန် အသုံးချ ၍ ကြိုးစားကြရမည့်တာဝန်မှာ ရှေ့နေရှေ့ရပ်အားလုံးအပေါ် တွင် ကျရောက်နေပြီဖြစ်ပါသည်။

ငါ့ဆရာ၊ ငါ့အမျိုး၊ ငါ့သူငယ်ချင်း၊ ငါ့အသိကို ရွေးချယ် မဲပေးမည်ဟူသော အသိတရားမျိုးထက် ရှေ့နေလောက ကြီးကို ပြုပြင်ပြောင်းလဲ တိုးတက်ပေးနိုင်စွမ်းရှိသော အတွေ့အကြုံရင့် နာမည်ဂုဏ်သတင်းကောင်းသူများကိုသာ ရွေးချယ်မည်ဟူသည့် မြင့်မားသည့် ရည်ရွယ်ချက်ဖြင့် ရွေးချယ်မဲပေးကြရန် လိုအပ်ပါသည်။

 

မဲပေးခွင့်ရှိသူများ

 

ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ တရား လွှတ်တော်ရှေ့နေများစာရင်းတွင် အမည်စာရင်းသွင်း ထားသော တရားလွှတ်တော်ရှေ့နေများအနေဖြင့် ဘားကောင်စီရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့် ရှိနိုင်မည် ဖြစ်သော်လည်း မဲစာရင်းတွင် စာရင်းပေးသွင်းခြင်းမရှိပါက မဲစာရင်း၌ မပါရှိနိုင်သောကြောင့် မဲပေးခွင့်ရမည်မဟုတ်ပါ။ ထို့ကြောင့် မဲစာရင်းပေးသွင်းရန် တရားလွှတ်တော် ရှေ့နေတစ်ယောက်သည် ခရိုင်ဥပဒေရုံးတစ်ခုခုတွင် ပုံစံ (၁) စာရွက်ကို တောင်းယူ၍ ၂-၈-၂၀၂၀ ရွေးကောက်ပွဲ ပြုလုပ်မည့်နေ့ရက်မတိုင်မီ စောနိုင်သမျှ ဆောလျင်စွာ မဲစာရင်းတွင် ဖြည့်သွင်းကြရန် လိုပါသည်။

 

ရွေးချယ်ခံပိုင်ခွင့်ရှိသူများ

 

ပြည်ထောင်စု တရားလွှတ်တော်ချုပ်၏ တရား လွှတ်တော်ရှေ့နေများစာရင်းတွင် အမည်စာရင်း တင်သွင်းထားသော တရားလွှတ်တော်ရှေ့နေများအနက်မှ တရားလွှတ်တော်ရှေ့နေလုပ်သက် အနည်းဆုံး ၁၅ နှစ်ရှိ တရားလွှတ်တော်ရှေ့နေတစ်ဦးသည် ဘားကောင်စီ အမှုဆောင်လူကြီးအဖြစ် ရွေးချယ်ခံပိုင်ခွင့်ရှိမည် ဖြစ်ပါသည်။ ဥပဒေပါ ပြဋ္ဌာန်းဖော်ပြချက်စကားရပ်အရ တရားလွှတ်တော်ရှေ့နေ လုပ်သက်အနည်းဆုံး ၁၅ နှစ် ဟု ဖော်ပြထားသောကြောင့် အခြားလုပ်သက်များကို ထည့်သွင်းရေတွက်ရန် အခွင့်အရေးနှင့် အကြောင်း အရာမရှိပါ။ ရှေ့နေရှေ့ရပ်အဖြစ်သာ အသက်မွေး ဝမ်းကျောင်းပြုလုပ်သည့်အနည်းဆုံး ၁၅ နှစ်ကို ဆိုလိုခြင်း ဖြစ်ကြောင်း ထင်ရှားပေါ်လွင်နေပါသည်။ အထူးသဖြင့် ဝန်ထမ်းတစ်ဦးသည် ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင် နေသည့်ကာလအတွင်း ရှေ့နေရှေ့ရပ်အဖြစ် လိုင်စင် လျှောက်ထားလာပါက Death Licence (လိုက်ပါဆောင် ရွက်ခွင့်မရှိသည့်လိုင်စင်) ကိုသာ ရရှိနိုင်မည်ဖြစ်ပြီး ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခြင်းမရှိတော့သည့်အချိန်ကာလရောက်မှသာ Death Licence အစား လိုက်ပါဆောင်ရွက်ခွင့်ရှိသည့်လိုင်စင်ကို လျှောက်ထား ရယူနိုင်ကြောင်း ကိုယ်တိုင်ကြုံတွေ့ကြားသိချက်များအရ တင်ပြအပ်ပါသည်။ ထို့ကြောင့် အငြိမ်းစားဝန်ထမ်း တရားလွှတ်တော်ရှေ့နေများအနေဖြင့် တရားလွှတ်တော် ရှေ့နေရှေ့ရပ်အဖြစ်အသက်မွေးဝမ်းကျောင်း ပြုသည့် လုပ်သက်မှာ အငြိမ်းစားယူပြီးကာလနောက်ပိုင်းမှသာ ဖြစ်နိုင်ပါကြောင်း တွေ့ရှိရမည်ဖြစ်ပါသည်။ Death Licence ရယူထားသောကာလသည်လည်း တရား လွှတ်တော်ရှေ့နေရှေ့ရပ်လုပ်ငန်း လုပ်ကိုင်နေသည့် လုပ်သက်ဟု ဆိုနိုင်မည်မဟုတ်ပါ။

 

နိဂုံး

 

မြန်မာနိုင်ငံရှိ ရှေ့နေရှေ့ရပ်များအနေဖြင့် ရှေး ယခင် ဆိုးရွားသည့် ခေတ်စနစ်များမှ လွတ်မြောက်ခဲ့ကြပြီး ဖြစ်ရာ တရားလွှတ်တော်ရှေ့နေများကောင်စီ(ဘား ကောင်စီ)၏ ဥပဒေဘောင်အတွင်းမှ မိမိတို့ရှေ့နေ ရှေ့ရပ် များ ဂုဏ်သိက္ခာအဆင့်အတန်းကို မြှင့်တင်ပေးနိုင်မည့်သူ များ၊ ကမ္ဘာ့တရားရုံးများနှင့် နိုင်ငံတကာမှ လေးစားရမည့် ဥပဒေအတွေးအခေါ်ပညာရှင်များ ပေါ်ထွန်းလာအောင် ထောက်ပံ့ကူညီပေးနိုင်မည့်သူများ၊ မြန်မာနိုင်ငံအတွင်း တရားဥပဒေစိုးမိုးရေးကို တွန်းအားပေးနိုင်မည့်သူများ၊ နိုင်ငံသားများ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး ပြည့်ဝစွာ ရရှိနိုင်ရေးအတွက် အာရုံစိုက်ကြိုးပမ်းပေးနိုင် မည့်သူများကို ဘားကောင်စီအမှုဆောင်လူကြီးများအဖြစ် ရွေးချယ်တင်မြှောက်နိုင်ရေးသည် ဘယ်သူမပြု မိမိမှု ဆိုသကဲ့သို့ မိမိတို့ရှေ့နေရှေ့ရပ်များ၏ စွမ်းဆောင်ရည်ကို ပြသရတော့မည့် အချိန်အခါရောက်ပြီ ဖြစ်ပါသည်။ သို့ပါ၍ မြန်မာနိုင်ငံရှေ့နေလောကကြီး တစ်ခေတ် ဆန်းသစ်စေဖို့ ရှေ့နေရှေ့ရပ်များအားလုံး ဘားကောင်စီ ရွေးကောက်ပွဲကို အောင်မြင်အောင် ဝန်းရံမဲပေးကြပါစို့ ဟူ၍ တိုက်တွန်းလိုက်ရပါကြောင်း။ ။

ကြေးမုံ