ရေးမြို့နယ်တွင် ကျေးရွာစုပေါင်း (၂၇) စုမှ အိမ်ထောင်စုပေါင်း (၂၀၅၂၅)စု စွမ်းအားမြှင့် မီးဖိုဖြန့်ဖြူးခြင်း စီမံကိန်းတွင် ပါဝင်ခွင့်ရရှိ

ရေး    ၁၀   စက်တင်ဘာ    


မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာန၊ ကိုးရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ(KOICA) နှင့် ကိုးရီးယား ရာသီဥတု ပြောင်းလဲမှုဗဟိုဌာန(Korea CCC) တို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာနိုင်ငံတွင် စွမ်းအားမြှင့် မီးဖိုများ ဖြန့်ဖြူခြင်းစီမံကိန်း စတင်ခြင်း၊ အလုပ်ရုံဆွေးနွေးပွဲနှင့် စီမံကိန်း အကောင်အထည်ဖော်မည့်သူများ ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းက “မြန်မာနိုင်ငံရဲ့ လူအများစုနေထိုင်ရာ ကျေးလက်ဒေသတွေမှာ လျှပ်စစ်မီးမရရှိဘဲ ကျေးလက်နေပြည်သူတွေက ချက်ပြုတ်စားသောက်ဖို့အတွက် ထင်းမီးကိုသာအသုံးပြုပြီး ချက်ပြုတ်စားသောက်ပြုကြရပြီး သစ်တောသစ်ပင်တွေကို ဖြုန်းတီးပြီး ရေရှည်မှာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမှာ ဖြစ်ပါတယ်၊ မိမိတို့နိုင်ငံအနေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့အတွက် ဖန်လုံးအိမ်ဓါတ်ငွေ့များ ထုတ်လွှတ်ခြင်းဟာ အခြားသောဖွံ့ဖြိုးပြီးနိုင်ငံများ နှင့် နှိုင်းယှဉ်ပါက နည်းပါးသေးပေမယ့် သစ်တောပြုန်းတီးမှု အမြင့်မားဆုံးသောနိုင်ငံတစ်နိုင်ဖြစ်နေတာ တွေ့ရှိရပါတယ်။ ရေးမြို့နယ်မှာ ကျေးရွာစုပေါင်း (၂၇) စုမှ ကျေးရွာ (၁၃၃) ရွာရှိ အိမ်ထောင်စုပေါင်း (၂၀၅၂၅)ဟာ စွမ်းအားမြှင့်မီးဖိုဖြန့်ဖြူးခြင်း စီမံကိန်းတွင် ပါဝင်ခွင့်ရရှိမှာဖြစ်ပါတယ်”ဟု  ပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်လှလှဝင်းက စွမ်းအားမြှင့်မီးဖိုများဖြန့်ဖြူးခြင်း၊ မီးဖို၏အသုံးဝင်ပုံနှင့် ပတ်သက်သည့် အကြောင်းအရာများနှင့် မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာကြသည့် စီမံကိန်းအကောင်အထည်ဖော်မည့် ကျေးရွာများမှ မီးဖိုသုံးစွဲကြမည့်သူများ၏ ဆွေးနွေးမေးမြန်းချက်များကို ပြန်လည်ဖြေကြားကာ မီးဖိုသုံးစွဲပုံအဆင့်ဆင့်ကို သရုပ်ပြလုပ်ဆောင် ပြသခဲ့ကြောင်း သိရှိရသည်။


မြို့နယ်(ပြန်/ဆက်)