ရွေ့လျားဓာတ်ခွဲယာဉ်များအား တိုင်းဒေသကြီးနှင့် ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနများသို့ လွှဲပြောင်းပေးအပ်

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့ မွန်းလွဲပိုင်းတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ရုံးချုပ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ၏ ရွေ့လျားဓာတ်ခွဲယာဉ် (Mobile Laboratory Van) (၁၄)စီးအား တိုင်းဒေသကြီးနှင့် ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနများသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်သည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ရွေ့လျားဓါတ်ခွဲယာဉ် (Mobile Laboratory Van) (၁၄)စီးအား တိုင်းဒေသကြီးနှင့် ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနများသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနများကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ် (တိုင်းဒေသကြီးနှင့် ပြည်နယ်) ဒေါက်တာဒေါ်ခင်ချစ်က လက်ခံရယူသည်။

 

ဆက်လက်၍ တာဝန်ရှိသူများက ရွေ့လျားဓါတ်ခွဲယာဉ်များတွင် တပ်ဆင်ထားရှိသည့် ဓာတ်ခွဲစက် ကိရိယာပစ္စည်းများနှင့် ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများအား ရှင်းလင်းပြသသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ နေပြည်တော်၊ အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားသည်။

 

ဆက်လက်၍ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (တိုင်းဒေကြီးနှင့်ပြည်နယ်) ဒေါက်တာဒေါ်ခင်ချစ်နှင့် တာဝန်ရှိသူများက ရွေ့လျားဓါတ်ခွဲယာဉ်များနှင့် ပတ်သက်သော အချက်အလက်များ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ငန်းလိုအပ်ချက်များ၊ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် အထွေထွေကိစ္စရပ်များကို  ရှင်းလင်းတင်ပြခဲ့ကြသည်။

 

အဆိုပါ ရွေ့လျားဓါတ်ခွဲယာဉ်များသည် (တပ်ဆင်ထားရှိသော ပစ္စည်းများအပါအဝင်) တန်ဖိုးအားဖြင့် ငွေကျပ် သိန်း (၁၅၀၀) ခန့် တန်ဖိုးရှိပြီး အစားအသောက်၊ ဆေးဝါးနှင့် အလှကုန် ပစ္စည်းများတွင် ဓာတုဆိုးဆေး၊ ပိုးသတ်ဆေးကြွင်း၊ မှိုဆိပ်နှင့် စားသုံးရန်မသင့်သော တာရှည်ခံဆေး အစရှိသည့် ပြည်သူများ၏ ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သည့်အရာများ ပါဝင်မှု ရှိ/မရှိကို ပိုမိုကျယ်ပြန့်ထိရောက်စွာ ဈေးကွက်အတွင်းထိတိုင် ရွေ့လျားကွင်းဆင်း၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပြည်သူများအတွက် စစ်ဆေးပေးနိုင်မည်ဖြစ်ပြီး တွေ့ရှိရလဒ်များကို အချိန်နှင့် တစ်ပြေးညီ ပြည်သူများသို့ အသိပေးသွားမည်ဖြစ်သည်။ 

 

(သတင်းစဉ်)