ရေခွန်ဥပဒေ၊ နည်းဥပဒေ၊ ဆည်မြောင်းဥပဒေများ အကောင်အထည်ဖော်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ နည်းပညာပေးသင်တန်း ဖွင့်လှစ်

မြင်းခြံ  ၂၇  ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ရေခွန်ဥပဒေ၊ နည်းဥပဒေ၊ ဆည်မြောင်းဥပဒေများ အကောင်အထည်ဖော်ရေးနှင့် စိုက်ပျိုးရေး  မွေးမြူရေးဆိုင်ရာ နည်းပညာပေးသင်တန်း ဖွင့်လှစ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီက  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ရေခွန်ဥပဒေ၊ နည်းဥပဒေ၊ ဆည်မြောင်းဥပဒေများ အကောင်အထည်ဖော်ရေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာ နည်းပညာပေးသင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့က မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြသဖြင့် ရေလိုအပ်ရာရေသုံးစွဲမှုကို သက်ဆိုင်ရာဌာနများက ပေးဝေ၍ ရေခွန်များ ကောက်ခံခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း၊ ရေသုံးစွဲသူများအနေဖြင့်လည်း ရေခွန်များကို ကျေပြွန် စွာပေးရန်လိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

 

ဆက်လက်၍ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်က ယခုသင်တန်းတွင် ပို့ချသည့် သင်ခန်းစာများကို လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အသုံးဝင်မည်ဖြစ်၍ ကောင်းစွာမှတ်သားကြစေ လိုကြောင်း စသည်ဖြင့်ပြောကြားခဲ့ပြီး၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ခရိုင်ဦးစီးမှူး ဦးအောင်ခိုင်မင်းက သင်ကြားပို့ချမည့် ဘာသာရပ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ သင်တန်းဖွင့်လှစ်ရခြင်းမှာ ပြည်ထောင်စုလွှတ်တော်မှ (၂၀၁၇)ခုနှစ်အတွင်း အတည်ပြုပြီးသော ရေခွန်နှင့် တာတမံခွန်ဥပဒေ၊ နည်းဥပဒေ၊ ဆည်မြောင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ကိုင် ဆောင်ရွက်နိုင်စေရန်၊ ပြောင်းလဲလာသောရာသီဉတုနှင့်အညီ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန်၊ ခေတ်နှင့်လျော်ညီသည့် မွေးမြူရေးနှင့်ကုသရေးဆိုင်ရာများ သိရှိနိုင်စေရန်နှင့် ရေသွင်းစိုက် ပျိုးခြင်းနှင့် သက်ဆိုင်သည့် လယ်ယာမြေဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများကို သိရှိနိုင်စေရန် ရည်ရွယ်ကြောင်းကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ( ရေအရင်းအမြစ် ) ခရိုင်ဦးစီးမှူး ဦးအောင်ခိုင်မင်း က ပြောပြခဲ့သည်။ သင်တန်းသို့ ဆည်နှင့်မြစ်ရေတင်များမှ ဝန်ထမ်းများ၊ စိုက်ပျိုးရေးနှင့် မြေစာရင်း ဦးစီးဌာနမှဝန်ထမ်းများ၊ ဆည်နှင့်မြစ်ရေတင် ရေသောက်ကျေးရွာများမှ အုပ်ချုပ်ရေးမှူးနှင့် စာရေး ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

 

ဇော်မင်းနိုင်(မြင်းခြံ)