ရွှေဧရာ ကမ်းခြေအပန်းဖြေစခန်းတွင် ပင်လယ်ပြင်အငွေ့အသက်များကို ခံစားရင်း  အပန်းဖြေ အနားယူနိုင်ကြမည်

မော်ကျွန်းမြင့်အောင်

ဧရာဝတီတိုင်းဒေသကြီးတွင် ခရီးသွားပြည်သူများ လွယ်ကူအဆင်ပြေစွာ သွားရောက်နိုင်သည့် ရွှေဧရာကမ်းခြေ အပန်းဖြေစခန်းသစ်ကို ဘိုကလေးမြို့နယ် ဧရာကျေးရွာအုပ်စု ဧရာကျေးရွာတွင် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၀ ရက်မှ စတင်ဖွင့်လှစ်ခဲ့သည်။

တိုက်ရိုက်သွားလာနိုင် ယင်းရွှေဧရာအပန်းဖြေစခန်းသစ်သည် ဧရာဝတီမြစ်လက်တက်၏ အဆုံးနေရာတွင် တည်ရှိပြီး ဘင်္ဂလာ။ ပင်လယ်အော်ပေါ်တွင်မေးတင်ထားသည်။ မော်လမြိုင်ကျွန်း မြို့နှင့် ဘိုကလေးမြို့ တို့မှ တိုက်ရိုက်သွားလာနိုင်သည်။

မော်လမြိုင်ကျွန်းမြို့နယ် ကျွဲခြံရေကျော်မြစ်ကူးတံတားမှ ကဒုံကနိကျေးရွာအထိ မိုင် ၄၀ နှင့် ကဒုံကနိကျေးရွာမှ ဧရာအပန်းဖြေစခန်းသစ်သို့ ခုနစ်မိုင် ကွာဝေးသည်။ ကဒုံကနိ-ဧရာအလွန် နှစ်မိုင်အထိ ဂဝံကျောက်ချော လမ်းခင်းပြီး ဖြစ်သည်။ လမ်းအကျယ်မှာ ၁၅ ပေရှိသည်။ မော်လမြိုင် ကျွန်းနှင့် ဘိုကလေးမြို့တို့မှ မော်တော်ကားဖြင့်သွားလျှင် နှစ်နာရီခွဲခန့်သာ သွားရသည်။

အဆိုပါ ရွှေဧရာကမ်းခြေ အပန်းဖြေစခန်းသစ်သည် ဘင်္ဂလားပင်လယ်အော်၏အဝတွင် တည်ရှိသဖြင့် ပင်လယ်ပြင်အငွေ့အသက် ရှုခင်းရှုကွက်နှင့် သန့်ရှင်းသော လေအေးများ၏ အရသာကိုခံစားရမည်။ ရေတိမ်သောင်ပြန့် ပေ ၁၀၀၀ ကျော်ရှိသဖြင့် ရေကစားသူများအတွက် အန္တရာယ်မရှိဘဲ ဘေးကင်းလုံခြုံမှုရှိသည်။ ပင်လယ်စာ မျိုးစုံတို့ကို သန့်ရှင်းလတ်ဆတ်စွာစားသုံးနိုင်ပြီး ပင်လယ်အမှတ်တရ လက်ဆောင်ပစ္စည်းများလည်း ဝယ်ယူနိုင်ကြသည်။ အုန်းစိမ်းရည်ချိုချိုလေးကိုလည်း အချိန်မရွေး။ သောက်သုံးနိုင်သည်။ ပင်လယ်ကမ်းစပ်တွင် ရောင်စုံ ရွှေခရုများကိုလည်း တပျော်တပါးကောက်ယူနိုင်ကြသည်။

ရွှေဧရာကမ်းခြေမှာ သုံးမိုင်ကျော် ရှည်လျားသဖြင့် လမ်းလျှောက်အပန်းဖြေသူများအတွက် လေကောင်း လေသန့်ရရှိသည်။ ဘန်ဂလိုများတွင် တည်းခိုလိုသူများအတွက် ကမ်းခြေနှင့်မျက်နှာချင်းဆိုင်တွင် ဘန်ဂလို အဆောက်အအုံ ၁၀ လုံး၊ ကမ်းခြေဥယျာဉ်အတွင်း ဘန်ဂလို အဆောက်အအုံ ၁၀ လုံးနှင့် ငါးခန်းတွဲအဆောင်တစ်ဆောင် ရှိသဖြင့် ပြည်တွင်း၊ ပြည်ပခရီးသွာ။ ၁၀၀ ကျော် စိတ်ချမ်းမြွေစွာ ညအိပ်တည်းခိုနေနိုင်မည်ဖြစ်သည်။

 

mdn

 

လာရောက်အပန်းဖြေ ရွှေဧရာကမ်းခြေစခန်းသစ်သို့ သီတင်းကျွတ် ကျောင်းပိတ်ရက်၊ ဒီဇင်ဘာကျောင်းပိတ်ရက်နှင့် သင်္ကြန်ပွဲတော်ရက်များအတွင်း အနယ်နယ်အရပ်ရပ်မှ ခရီးသွားများ လာရောက်အပန်းဖြေကြသဖြင့် အထူးစည်ကားလှသည်။ စနေနှင့်တနင်္ဂနွေ ရုံးပိတ်ရက်များတွင်လည်း မိသားစုလိုက်၊ အဖွဲ့ အစည်းလိုက် လာရောက်အပန်းဖြေသူ များရှိသည်။ လက်ရှိလမ်းမှာ ဂဝံကျောက်ချောလမ်း ဖြစ်သဖြင့် ခရီးသွားလာမှု ပိုမိုအဆင့်မြှင့်တင်နိုင်ရေးအတွက် ဂဝံကျောက်ချောလမ်းမှ ကွန်ကရစ်ကတ္တရာ လမ်းအဖြစ်သို့ တိုးမြှင့်ပေးရန်လည်း ပြည်တွင်း ပြည်ပ ခရီးသွားများက ဆန္ဒရှိကြသည်။

ရွှေဧရာကမ်းခြေအပန်းဖြေစခန်းသစ်၏ ပတ်ဝန်းကျင် ကျေးရွာများဖြစ်သော သပေါ့အိုင်၊ ဆေးရိုးကွင်း၊ သောင်တာ၊ ဝါးတောကုန်းနှင့် သမြေရိုးကျေးရွာတို့ကလည်း ပင်လယ် ဒေသထွက်ပစ္စည်းမျိုးစုံတို့ကို ရွှေဧရာကမ်းခြေစခန်းသို့ လာရောက်ရောင်းချကြသည်။ ဧရာကျေးရွာတွင် လူဦးရေ ၃၂၁၀၊ အိမ်ထောင်စု ၁၀၆၆ စုရှိပြီး ဒေသခံများသည် ပင်လယ်ရေလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့် လယ်ယာလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ။

အဆိုပါ ရွှေဧရာကမ်းခြေအပန်းဖြေစခန်းသစ်သည် မော်လမြိုင်ကျွန်းမြို့နယ်၊ ဘိုကလေးမြို့နယ်တို့နှင့် တစ်ဆက်တည်းတည်ရှိပြီး အချိန်တိုတိုဖြင့် သွားလာမှု အဆင်ပြေ ကုန်ကျစရိတ်သက်သာစွာဖြင့် သွားရောက်နိုင်သော ကမ်းခြေအပန်းဖြေစခန်းသစ်ဖြစ်ပါသောကြောင့် ပြည်တွင်း၊ ပြည်ပမှ ခရီးသွားများ ပွင့်လင်းရာသီဖြစ်သည့် ယခုကာလတွင် လာရောက်အပန်းဖြေနိုင်ကြသည်။

ကြေးမုံ