ရေစကြိုမြို့နယ်တွင် ထန်းပင်မြစ်များ ယခင်နှစ်ထက် ဈေးနှစ်ဆခန့်မြင့်တက်

mdn

ရေစကြို ၂၅ နိုဝင်ဘာ  

 

ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် ထန်းသီးကျင်းမြုပ်နှံသူ နည်းပါးခဲ့မှုကြောင့် ထန်းပင်မြစ်များ ယခင်နှစ်ထက် ဈေးနှစ်ဆခန့် မြင့်တက်လျက်ရှိသည်ဟု သိရသည်။

 

“ကျွန်မတို့ရွာဘက်တွေမှာ အရင်ကတော့ တစ်နှစ်မှ တစ်ကြိမ်ပဲ မြစ်ရေဝင်တယ်၊ ဒီနှစ်မှာ မြစ်ရေသုံးကြိမ်ဝင်ခဲ့တော့ ထန်းသီးကျင်းမြုပ်ဖို့ အချိန်မရလိုက်တာကြောင့် ဒီနှစ်ထန်းပင်မြစ်မရဘူး” ဟု နှစ်စဉ် ထန်းပင်မြစ် တူးဖော်ရောင်းချသူ တစ်ဦးက ပြောသည်။

 

ထန်းသီးလုံးများသည် ဝါဆိုလတွင် ရင့်မှည့်ကြပြီး ဝါခေါင် တော်သလင်းလများတွင် ကျွေကျလေ့ရှိရာ ထန်းပင်များအနီး နေထိုင်ကြသော ထန်းပိုင်ရှင်အများစုသည် ထန်းသီးမှည့်ကျွေချိန်များတွင် ထန်းသီးလုံးအမှည့်များကို ကောက်ယူကာ  တစ်တောင်ခန့်ရှိ မြေကျင်းတူး၍ ထန်းသီးလုံးမှည့်များကို ထည့်ကာ မြေပြန်ဖို့ထားလေ့ရှိသည်။ သုံးလခန့်ရှိပါက မြေပြန်ဖော်လိုက်သောအခါ ထန်းသီးလုံးမှည့်မှ အပင်ပေါက်ကလေးများဖြစ်သော ထန်းပင်မြစ် (ထန်းပင်ပေါက်) ကလေးများ ကို တူးဖော်ရယူရသည်။

 

“ဒီနှစ်က မြစ်ရေကလည်း သုံးကြိမ်ဝင်သွားတော့ ထန်းသီးမှည့်မြေကြီးထဲချဖို့ကို အချိန်သိပ်မရလိုက်ကြဘူး၊ ပြီးတော့ ဒီနှစ်ပိုင်းတွေမှာ ထန်းသမားတွေကလည်း ထန်းမတက်ကြဘူး၊ တခြားမြို့တွေမှာ တခြားအလုပ်တွေပဲ သွားလုပ်နေကြတော့ ထန်းပင်မြစ်ရအောင် ထန်းသီးမှည့်မမြုပ်ကြတော့ဘူး။ အရင်တုန်းက ထန်းတက်ရင်းနဲ့ဆိုတော့ ထန်းပင်မြစ်လေးပဲ ရောင်းရရောင်းရ ရင်းနှီးတဲ့သူတွေလည်း လက်ဆောင်ပေးပေးဆိုပြီးတော့ ထန်းသီးမှည့်မြုပ်ကြတာ၊ အခု အဲလိုတွေ မလုပ်ကြတော့ဘူး၊ ထန်းသမားမိသားစု ကိုယ်တိုင်က ထန်းသီးမှည့်မြုပ်တဲ့သူဆီက ထန်းပင်မြစ်ပြန်ဝယ်စားနေကြ တော့တာ”ဟု ထန်းပင်မြစ်(ထန်းပင်ပေါက်) ရောင်းချသူ ထန်းသမားတစ်ဦးက ပြောသည်။

 

ယခင်နှစ်များက ထန်းပင်မြစ်အချောင်း ၂၀ တစ်စီးလျှင် ငွေကျပ် ၂၀ဝ ခန့်သာ ဈေးရှိသော်လည်း ယခုနှစ်တွင် ထန်းသီး မှည့်မြုပ်နှံ၍ ထန်းပင်မြစ် အပင်ဖောက်သူနည်းပါးသဖြင့် ထန်းပင်မြစ် သုံးစီးလျှင် ငွေကျပ် တစ်ထောင်ထိ ဈေးမြင့်တက် ရောင်းချကြလျက်ရှိသည်ဟု သိရသည်။

 

အိမွန်ဆွေ (ရေစကြို)