ရေစကြိုမြို့နယ်တွင် စီပီစပ်မျိုးပြောင်းစိုက်ခင်းများတွင် ပိုးများကျရောက်ခဲ့သဖြင့်ပြောင်းစေ့အထွက်နှုန်းလျော့

ရေစကြို  ၅   ဇူလိုင်  

    

ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် စီပီစပ်မျိုး ပြောင်းစိုက်ခင်းများတွင် ပိုးများကျရောက်ခဲ့သဖြင့် အထွက်နှုန်းမှာ ၃ ပုံ ၁ ပုံခန့်သာ ထွက်ရှိပြီး စိုက်စရိတ်များ အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။
    

“ခါတိုင်းတစ်ဧကကို  တင်း ၈၀ ကျော်၊ ၉၀ ထွက်နေကျ  အခုဟာ ၃ ချိုး ၁ ချိုးသာသာလောက်ပဲ ထွက်တယ် ကျွန်တော်တို့ရွာမှာတော့ စီပီပြောင်းကို ဒီလထဲ စချိုးကြတာ   ပြောင်းပင်က ပိုးကိုက်တွေ တအားနာထားတာဆိုတော့ ပြောင်းဖူးတွေ  အထွက်နှုန်းလျော့တယ် တောင်သူတွေ ရှုံးတယ်   စိုက်ပျိုးစရိတ်တွေက မနည်းကိုရှုံးတာ” ဟု မင်းရွာကျေးရွာမှ တောင်သူတစ်ဦးက ပြောသည်။

 

mdn


    

ပြောင်းဖူးစိုက်ခင်း တစ်ဧကလျှင် စတင်ထွန်ယက်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ ကုန်ကျငွေစုစုပေါင်းမှာ ငွေကျပ် ၄ သိန်းခန့်ကုန်ကျခဲ့ကြောင်းသိရသည်။ အထွက်နှုန်းမှာ တစ်ဧကလျှင် ၃၅ တင်းခန့်သာ ထွက်ရှိပြီး  စီပီဈေးနှုန်းမှာ ၁၈ ပိဿာ(တစ်တင်း)၈၆၀ဝ ကျပ် ပေါက်ဈေးရှိနေသဖြင့် တစ်ဧကလျှင် စီပီပြောင်းစေ့ရောင်းရငွေမှာ ငွေကျပ် ၃ သိန်းခန့်သာ ရလျက်ရှိသောကြောင့် တောင်သူများ စိုက်ပျိုးစရိတ်အရှုံးပေါ်လျက်ရှိကြောင်း သိရသည်။
    

အိမွန်ဆွေ(ရေစကြို)