ရွှေ့ဆိုင်းထားသည့် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့် လက်ကျန်ပွဲကစားမည့်ရက်များ ထုတ်ပြန်

၆ ဇွန် 

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းထားသည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲကစားမည့်ရက်များ ထုတ်ပြန်လိုက်ပြီဖြစ်ပြီး မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ပွဲများပြန်လည်ကစားရမည်ဖြစ်သည်။

 

၂၀၂၂ ကမ္ဘာ့ဖလား အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲအုပ်စုပွဲများမှာ မတ်နှင့် ဇွန်လတွင် ကျင်းပရမည်ဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပြီး အာရှဘောလုံးအဖွဲ့ချုပ်က ပွဲစဉ်များ ပြန်လည်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ခြေစစ်ပွဲလက်ကျန်ပွဲများကို အောက်တိုဘာ ၈ ရက်နှင့် ၁၃ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ နိုဝင်ဘာ ၁၂၊ ၁၇ ရက်တွင် ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းသည် ဒုတိယအကျော့သုံးပွဲကစားရန် ကျန်ရှိနေသောကြောင့် အောက်တိုဘာတွင် နှစ်ပွဲ၊ နိုဝင်ဘာတွင် တစ်ပွဲကစားရမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုလက်ကျန်ပွဲများအဖြစ် အောက်တိုဘာ ၈ ရက်တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၊ အောက်တိုဘာ ၁၃ ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်း၊ နိုဝင်ဘာ ၁၇ ရက်တွင် တာဂျစ်ကစ္စတန်အသင်းနှင့် အဝေးကွင်းကစားရမည်ဖြစ်သည်။ 

 

မြန်မာအသင်းသည် အိမ်ကွင်းပွဲကို မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ လက်ခံကစားမည်ဖြစ်သည်။ မြန်မာအသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အုပ်စု (F) ၌ ပါဝင်နေပြီး ငါးပွဲကစားအပြီးတွင် နှစ်ပွဲနိုင်၊ သုံးပွဲရှုံး၊ ခြောက်မှတ်ဖြင့် အုပ်စုအဆင့် ၄ နေရာ ရပ်တည်နေသည်။ ယင်းအုပ်စုတွင် ဂျပန်အသင်းက လေးပွဲကစား ၁၂ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ကာဂျစ္စတန်အသင်းနှင့် တာဂျစ်ကစ္စတန်အသင်းက ငါးပွဲကစား ခုနစ်မှတ်စီ၊ မွန်ဂိုလီးယားအသင်းက ငါးပွဲကစား သုံးမှတ်ရရှိထားသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် လက်ရှိအနေအထားအရ အုပ်စုဒုတိယနေရာ မျှော်လင့်ချက်ရှိနေပြီး ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်အသင်းတို့နှင့် ပွဲများတွင် ရလဒ်ကောင်းရန် လိုအပ်နေသည်။

 

မြန်မာအသင်းသည် ယင်းခြေစစ်ပွဲတွင် မွန်ဂိုလီးယားအသင်းကို အဝေးကွင်း၌ တစ်ဂိုး-ဂိုးမရှိ၊ ဂျပန်အသင်းကို အိမ်ကွင်း၌ နှစ်ဂိုး-ဂိုးမရှိ၊ ကာဂျစ္စတန်အသင်းကို အဝေးကွင်း၌ ခုနစ်ဂိုး-ဂိုးမရှိဖြင့် သုံးပွဲဆက် အရေးနိမ့်ခဲ့သော်လည်း နောက်ဆုံးကစားသည့် တာဂျစ်ကစ္စတန်အသင်းနှင့် အိမ်ကွင်းပွဲတွင် လေးဂိုး-သုံးဂိုး၊ မွန်ဂိုလီးယားအသင်းကို အိမ်ကွင်း၌ တစ်ဂိုး-ဂိုးမရှိဖြင့် ပြန်လည်အနိုင်ရရှိထားသည်။

 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ- စိုးညွန့်