ရွှေဘိုမြို့တွင် ညမထွက်ရအမိန့် လိုက်နာခြင်းမရှိသူ (၃) ဦးအား အလုပ်နှင့်ထောင်ဒဏ် သုံးလစီချမှတ် 

ရွှေဘို ၂၁ စက်တင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် ညမထွက်ရအမိန့် လိုက်နာခြင်း မရှိသူ (၃) ဦးကို ယနေ့တွင် ရွှေဘိုမြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ်သုံးလစီချမှတ်ခဲ့ကြောင်း ရွှေဘိုမြို့မရဲစခန်းမှူး ဒုတိယရဲမှူး သိန်းဆန်းဦး ထံမှသိရသည်။

 

ရွှေဘိုမြို့တွင် ယနေ့ နံနက် ၀၀  နာရီ ၁၅ မိနစ်ခန့်က ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ တာဝန်ရှိသူများနှင့် ရွှေဘိုမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် သက်သေများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ရွှေဘိုမြို့ပေါ်ရပ်ကွက်များအတွင်း လုံခြုံရေးလှည့်ကင်း ဆောင်ရွက်စဥ် ရွှေဘိုမြို့ အမှတ်(၃) ရပ်ကွက် ရန်ကြီးအောင်လမ်းအနီး ရထားသံလမ်းဘေးတွင် မိုးမင်းဦး ၁၉ နှစ် အမှတ်(၁) ရပ်ကွက် ရွှေဘိုမြို့နေသူ၊ အောင်ဟိန်းခန့် ၂၂ နှစ် အမှတ်(၃) ရပ်ကွက် ကျောက်မြောင်းမြို့နေသူနှင့် ဝေလင်းဦး ၁၉ နှစ် အမှတ် (၁၀) ရပ်ကွက် ရွှေဘိုမြို့နေသူတို့ (၃) ဦးအား အရက်ဝိုင်းဖွဲ့သောက်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့​သည်။  

     

ဖြစ်စဉ်နှင့်ပတ်သက်၍ ညမထွက်ရအမိန့် လိုက်နာခြင်းမရှိသူ (၃) ဦးအား ယနေ့တွင် ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရွှေဘိုမြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ရာ မြို့နယ်တရားရုံးက မိုးမင်းဦးပါ သုံးဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မ - ၁၈၈ အရ အလုပ်နှင့်ထောင်ဒဏ်သုံးလစီ ချမှတ်ခဲ့ကြောင်း သိရသည်။

 

မိုးသောက်(ရွှေဘို)