ရေဘေးသင့်ဒေသသို့ လှူဒါန်းမည့် "နှင်းဆီလှေ" အငြိမ့် ဖျော်ဖြေပွဲအကြောင်း မီဒီယာရှင်းလင်း

၂ အောက်တိုဘာ

 

 

သဘာဝဘေးဒဏ် ခံစားရသောဒေသများ ပြန်လည်ထူထောင်ရေး ရန်ပုံငွေအဖြစ် ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)၏ နှင်းဆီလှေအငြိမ့် ဟု အမည်ပေးထားသော အငြိမ့်ဖျော်ဖြေပွဲကို အောက်တိုဘာ ၄ ရက်တွင် ရန်ကုန်မြို့ အင်းလျားလိတ် ဟိုတယ်ဝင်း အတွင်းရှိ Yangon Convention Centre ၌လည်းကောင်း၊ အောက်တိုဘာ ၅ ရက်တွင် မန္တလေးမြို့ အမျိုးသားဇာတ်ရုံ၌လည်းကောင်း ကျင်းပမည်ဟု သိရသည်။

 

 

"အစကတော့ မွန်ပြည်နယ်မှာ ရေကြီးတယ်ဆိုတော့ ကျွန်တော်တို့က ရာမညနှင်းဆီအငြိမ့် ကပြပြီး အလှူပွဲလေး လုပ်မယ်ပေါ့နော်၊ နောက်တော့ ဘားအံမှာပါ ရေဘေးဆက်ဖြစ်လာတော့ ကျွန်တော်တို့ နာမည်လေးကိုလည်း ပြန်ပြောင်းပစ်လိုက်ရတယ်၊ နှင်းဆီလှေဆိုပြီး ပြန်ပြောင်း လိုက်တာပါ၊ အဲဒီလို နာမည်ပေးတာက မြန်မာပြည်က ဒေသအချို့ ရေတွေကြီးတာကို ကူညီဖို့ ကိုယ်စားပြုပြီး ပေးလိုက်တာပါ၊ ကပြမယ့်နေရာမှာ ပြက်လုံးတွေကတော့ ခေတ်ကာလနဲ့အညီ ပြက်သွားမှာပေါ့နော်"ဟု ဒါရိုက်တာမောင်မျိုးမင်း (ရင်တွင်းဖြစ်)က ပြောသည်။

 

 

အငြိမ့်ဖျော်ဖြေမှုကို Live လွှင့်သွားမည် မဟုတ်ကြောင်း သိရသည်။ Live မလွှင့်ဖြစ်ခြင်းနှင့် ပတ်သက်၍လည်း မောင်မျိုးမင်းက "Live လွှင့်တယ်ဆိုတာက အရင်က TV ကနေ အလှူခံတဲ့ သဘောလေးပါ၊ အဲဒီကနေပိုပြီး ထိရောက်တဲ့ အလှူရှင်တွေလည်း ပေါ်လာစေချင်တဲ့ သဘောပေါ့၊ ဒါပေမယ့် တကယ်တမ်းကျတော့ လှူမယ်ပြောပြီး ကိုယ်တွေက အလှူငွေ လှူဒါန်းတဲ့သူတွေကို ကြေညာလိုက်ပေမယ့် စာရင်းအရ ရောက်လာတဲ့ အလှူငွေကတော့ သုံးပုံ တစ်ပုံပဲ ရောက်လာတယ်၊ ကျန်တဲ့ အလှူရှင်တွေက အလှူငွေ မပို့ပေးကြတာ မျိုးရှိတယ်၊ စာရင်းတော့ပေးပြီး ကြော်ငြာခိုင်းတာပဲ၊ အဲလိုဆိုတော့ အခုနောက်ပိုင်း ကပြမှုတွေမှာ အလှူငွေအတွက် Live လွှင့်တာမျိုး မလုပ်တော့တာပါ"ဟု ဆက်ရှင်းပြသည်။

 

 

နှင်းဆီလှေ အငြိမ့်ဖျော်ဖြေပွဲတွင် လူရွှင်တော်များအဖြစ် သရုပ်ဆောင် မင်းမော်ကွန်း၊ နေတိုး၊ ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ ရဲလေးတို့နှင့်အတူ မင်းသမီးများ ဖြစ်ကြသော ဖူးစုံ၊ မေကဗျာ၊ မိုးပြည့်ပြည့်မောင်၊ မိုးယုစံတို့က ကပြဖျော်ဖြေမည်ဖြစ်ပြီး လက်မှတ်များကို ကျပ် ၅၀ဝ၀ဝ၊ ကျပ် ၃၀ဝ၀ဝ၊ ကျပ် ၂၀ဝ၀ဝ နှင့် ကျပ် ၁၀ဝ၀ဝ ဟု သတ်မှတ်ထားကာ ကြည့်ရှုလိုသူများ အနေဖြင့် ရန်ကုန်မြို့ပွဲအတွက် လက်မှတ်များကို ဟော့လိုင်းဖုန်း- ဝ၉၄၂၉၂၆၂ ၄၄၄၄ သို့လည်းကောင်း၊ မန္တလေးမြို့ပွဲအတွက် လက်မှတ်များကို အောင်သမာဓိ စိန်ရွှေရတနာဆိုင်၊ Amazing Mall နှင့် ကျော်ဗေလုဝ( ၁/ ၂)တို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

 

 

ကိုလင်း