ရောဂါမကူးစက် မပျံ့နှံ့ရေး အရေးကြီးသည့်ရက်သတ္တပတ်များ

mdn

နေပြည်တော် ဧပြီ

 

ကိုဗစ်-၁၉ သည် ဒုတိယကမ္ဘာစစ်နောက်ပိုင်းကာလ လူသား ကမ္ဘာ၏ အကြီးမားဆုံး၊ အပြင်းထန်ဆုံး ဘေးဒုက္ခ ကပ်ဖြစ်လာ နေပြီဖြစ်သည်။ ကမ္ဘာလုံးချီ ကူးစက်မြန်ကပ်ရောဂါကြီးက ကမ္ဘာ့နိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေး တို့ကို ကြီးမားစွာရိုက်ခတ်သည်။ နိုင်ငံတကာဆက်ဆံရေးတွင် ပြည်တွင်းအခြေအနေ များတွင်ပါကသောင်းကနင်း အပြောင်းအလဲများဖြစ်ပေါ်သည်။ ကိုဗစ်-၁၉ ကြောင့် ကမ္ဘာ့ဇာတ်ခုံကြီး ကမောက်ကမဖြစ်ရခြင်းဟု ပင် ဆိုရမည်။

 

ကမ္ဘာကြီးတစ်ခုလုံးနီးနီးလွှမ်းခြုံသွားခဲ့ပြီဖြစ်သည့် ကိုဗစ်၁၉ သည် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံမှ စတင်ခဲ့သော်လည်း မြန်မာနိုင်ငံကို တိုက်ရိုက် ကူးစက်ခြင်းမရှိခဲ့။ ကမ္ဘာတစ်ခွင် လှည့်ပတ်သွားပြီးကာမှ အနောက်ကတစ်ဆင့်ဝင်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသို့ ဝင်ရောက် မလာသေးမီ ကြားကာလတွင် ရက်သတ္တပတ် များစွာကြာအောင် အခြားနိုင်ငံများ၏ ဖြစ်စဉ်များမှ သင်ခန်းစာယူဖွယ်များနှင့် ကြိုတင်ပြင်ဆင်ရန် အခွင့်အလမ်းများလည်း ရရှိခဲ့သည်။

 

လက်ရှိအခြေအနေတွင်မူ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက် လာသူများကို စောင့်ကြပ်ကြည့်ရှုခြင်းအား နိုင်ငံအတွင်း ကပ်ရောဂါသဖွယ် ကူးစက်ပျံ့နှံ့မှု မဖြစ်ပွားစေရေးအတွက် ပထမဦးစားပေးအဖြစ် ဆောင်ရွက်နေကြရသည်။ ထို့အပြင် ရောဂါပိုး ကူးစက်ပျံ့နှံ့မှုကို ဖြစ်ပေါ်စေနိုင်သည့် လမ်းကြောင်း များကို ဖြတ်တောက်သည့်အနေဖြင့် လူစုလူဝေးများကို တားမြစ်ခြင်း၊ သွားအလာ ဆင်အထွက်များကို ကန့်သတ်ခြင်း၊ အရောင်းအဝယ်၊ အလုပ်အကိုင်များကို လျှော့ချခြင်း၊ ခရီးသွားလာမှုများကို ထိန်းချုပ်ခြင်းနည်းလမ်းများကို ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ပြုလုပ်လျက်ရှိသည်။ ကိုဗစ်-၁၉ အတည်ပြု လူနာတစ်ဦး စတင်တွေ့ရှိချိန်မှစတင်ကာ ရက်သတ္တနှစ်ပတ် အတွင်း အတည်ပြုလူနာ ၂၁ ဦးကို တွေ့ရှိခဲ့ရပြီဖြစ်သလို ၎င်းတို့ အနက်မှ မူလရောဂါအခံကြီးမားသူတစ်ဦး အသက်ဆုံးရှုံးခဲ့ ရသည်။ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ ရောဂါပိုး မတွေ့ရတော့သူများရှိသလို အထူးကြပ်မတ်ကုသနေရသူ နှစ်ဦး လည်းရှိနေသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကဒီနေ့ဟာ COVID ရောဂါရှိနေသူ တစ်ဦးကို မြန်မာပြည်တွင်းမှာ ပထမဆုံးတွေ့ရှိပြီး (၁၄) ရက် မြောက်နေ့ ဖြစ်ပါတယ်။ နောက် () ပတ်၊ () ပတ်အတွင်းမှာ ရောဂါပျံ့ပွားနှုန်း ဘယ်ကော်မြန်နိုင်မယ်ဆိုတာ ပေါ်လွင်လာ ပါလိမ့်မယ်။ ဒီအချိန်မှာ ပြည်သူတွေအားလုံး အထူးသတိဝီရိယ နဲ့ ရောဂါမပျံ့ပွားရေးအတွက် စည်းကမ်းညွှန်ကြားချက်တွေ လိုက်နာဖို့ အရေးကြီးပါတယ်။ဟူ၍ ၎င်း၏ ဖေ့စ်ဘွတ် စာမျက်နှာ၌ ယခုနှစ်သင်္ကြန်ကို ဖြတ်ကျော်ရန်နှင့် ပတ်သက် ပြည်သူများထံ သတင်းစကားပါး ရေးသားရာ၌ ထည့်သွင်းဖော်ပြထားပြီး သင်္ကြန်တွင် လူစုလူဝေးရှောင်ရန်၊ အိမ်တွင်သာ  ငြိမ်ငြိမ်လေးနေခြင်းအားဖြင့် လူအများ ကျန်းမာရေးကောင်းကျိုးအတွက် ကုသိုလ်ပြုကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

 

သင်္ကြန်ကာလအပါအဝင် လာမည့်ရက်သတ္တပတ် နှစ်ပတ်မှ သုံးပတ်အထိသည် မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုတိုက်ဖျက်ရေးတွင် အထူးအရေးကြီးသည့် ရက်သတ္တပတ်များဖြစ်သည်။ ယင်းကာလ များအတွင်း ပြည်သူ များ၏ အနေအထိုင် အပြုအမူ အကျင့်အကြံများက ကူးစက် ရောဂါအား အနိုင်ယူရေးကို အဖြေပေါ်စေလိမ့်မည်ဖြစ်သည်။ ခေတ်မီတိုးတက်သည့် နိုင်ငံကြီးများ၊ စီးပွားရေး အင်အားကြီး နိုင်ငံများတွင် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု မြန်ဆန်ခဲ့ခြင်း၊ လူ့အသက်များစွာ အဖိတ်အစဉ်ရှိခဲ့ခြင်းတို့က လူတစ်ဦးချင်းစီ တို့၏ မိမိကိုယ်ကိုယ် ကာကွယ်နိုင်မှုသည် အဓိကဖြစ်သည်ကို ပြဆိုနေခြင်းဖြစ်သည်ဟု ယူဆမိသည်။ ထို့အပြင် စည်းလုံး ညီညွတ်မှု၊ အပြန်အလှန်ရိုင်းပင်းကူညီမှု အများအကျိုးအတွက် သယ်ပိုးဆောင်ရွက်မှု ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်မှု တို့ကလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေးတွင် အလိုအပ်ဆုံးသော အင်အားများဖြစ်သည်ဟု ရှုမြင်မိ ပါကြောင်း။

 

မြန်မာ့အလင်း