ရောဘတ်ပတ်တီဆန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

Twilight ဇာတ်လမ်းတွဲရုပ်ရှင်တွေနဲ့ ကျော်ကြားလာတဲ့ ဟောလိဝုဒ်မင်းသားတစ်ဦးဖြစ်သူ ရောဘတ် ပတ်တီဆန်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း လတ်တလောမှာ စမ်းသပ်တွေ့ရှိခဲ့ရပါတယ်။ မင်းသားဟာ လက်ရှိမှာ Batman ရုပ်ရှင်ကို လက်ခံရိုက်ကူးနေတာကြောင့် သူဗိုင်းရပ်စ်ကူး စက်ခံခဲ့ရတဲ့သတင်းဟာ အဆိုပါ ရုပ်ရှင်ဝိုင်းတော်သားတွေအတွက် ထိတ်လန့်စရာဖြစ်နေရကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။ ။

 

Batman ရုပ်ရှင်ရိုက်ကူးလျက်ရှိတဲ့ ဝါနာဘရိုစ်စတူရီယိုက ရုပ်ရှင်အဖွဲ့သားတစ်ဦး ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထုတ်ဖော်ပြောကြားခဲ့တာပါ။ ဒါပေမယ့် ကူးစက်ခံရသူရဲ့ အမည်ကိုတော့ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိဘူးလို့လည်း သိရပါတယ်။ ရိုက်ကူးရေးနဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေကိုတော့ ရပ်နားထားမှာဖြစ်ကြောင်း စတူရီယိုက ထုတ်ပြန်ခဲ့ပေမယ့် ဘယ်လောက်ကြာကြာ ရပ်နားထားမှာလည်းဆိုတာကိုတော့ ပြောကြားနိုင်ခြင်း မရှိသေးကြောင်းလည်း သိရပါတယ်။

 

အသက် ၃၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရောဘတ် ပတ်တီဆန် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်းကို သယ်ဟောလိဝုဒ်ရက်ပေါ်တာနဲ့ ဗန်နတီဖဲတို့မှာရေးသားဖော်ပြခဲ့ကြပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး ဝါနာဘရိုမှ မင်းသားရဲ့ ကိုယ်စားလှယ်ဘက်ကတော့ မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါဘူး။ လက်ရှိမှာ မင်းသားရဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုအခြေအနေနဲ့ ရောဂါလက္ခဏာ ပြင်းထန်ခြင်း ရှိ၊ မရှိကို မသိ ရသေးပါဘူး။ ။

 

ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု တွေကြောင့် Batman ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းတွေကို အခြားသော ရုပ်ရှင်တွေနည်းတူ ပြီးခဲ့တဲ့ မတ်လလယ်ပိုင်းမှာ ရပ်နားထားခဲ့ပြီး ယခုစက်တင်ဘာလအစပိုင်းမှာ ရိုက်ကူးရေးလုပ်ငန်းတွေကို လန်ဒန်မြောက်ပိုင်းမှာ ပြန်လည်စတင်ရိုက်ကူးခဲ့တာပါ။ ဒါပေမယ့် ရုပ်ရှင်ဝိုင်းတော်သားတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပြီးနောက် ရိုက်ကူးရေးလုပ်ငန်းတွေကို ရက်အကန့်အသတ်မရှိ ပြန်လည်ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကာလအတွင်း လပေါင်းများစွာ ရုန်းကန်ခဲ့ရတဲ့ ရုပ်ရှင်အသိုင်းအဝိုင်းအနေနဲ့ စီးပွားရေးပြန်လည်စတင်နိုင်ဖို့ ကြိုးပမ်းရာမှာ ခက်ခက်ခဲခဲ ရုန်းကန်ရပုံတွေကို မီးမောင်းထိုးပြနေတာဖြစ်ကြောင်းလည်း သိရပါတယ်။

 

အေးပြည့် - ရေးသားသည်