ရော်ဘာဈေးကောင်းရနေသဖြင့် ရော်ဘာခြံငယ်သမားများ တွက်ခြေကိုက်

ချောင်းဆုံ   ဇန်နဝါရီ    ၁၄

 

ယခုနှစ် ဆောင်းရာသီအကုန်တွင် ရော်ဘာဈေးများ ထိုးတက်နေ၍ ရော်ဘာခြံသမားများ တွက်ခြေကိုက်သည့်အပြင် ထက်ဝက်စား ရော်ဘာခြစ်သမားများလည်း အဆင်ပြေလျက်ရှိကြောင်း ဒေသခံ ရော်ဘာခြံငယ်ပိုင်ရှင်များမှ သိရသည်။

 

“ရော်ဘာက တစ်ပေါင်ကို ငွေကျပ် ၉၀၀ ကျော် ၁၀၀၀ လောက် ယခုပေါက်ဈေးရှိနေတော့ ခြံသမားရော အငှားလိုက်ခြစ်နေတဲ့ သူတွေပါ အဆင်ပြေတယ်လို့ ပြောရမှာပေါ့၊ ယခင်နှစ် ဒီလိုပွင့်လင်းရာသီတုန်း ကဆိုရင် ရော်ဘာတစ်ပေါင်ကို ငွေကျပ် ၆၀၀ နဲ့ ၇၀၀ ကြားလောက်ပဲ ရှိတော့ ခြံသမားတွေအတွက် သိပ်မကျန်ဘူးလေ”ဟု ရော်ဘာအငှားခြစ်သူ ကိုလင်းဇော်က ပြောပြသည်။

 

ချောင်းဆုံမြို့နယ်အတွင်း ထွက်ရှိသည့် ရော်ဘာပြားများကို ရန်ကုန်၊ မုဒုံမြို့၊ သံဖြူဇရပ်၊ ကမာဝက် ကျိုက်မရောမြို့နယ်များရှိ ရော်ဘာသန့်စက်ရုံများမှ အဓိက ဝယ်ယူမှုများရှိနေပြီး ယခင်နှစ်ထက် ဈေးနှုန်းကောင်းနေခြင်းဖြစ်ကြောင်း ရော်ဘာဝယ်ယူသူ တစ်ဦးထံမှ သိရသည်။

 

“ရော်ဘာခြစ်ပြီး အစေးထွက်တာနဲ့ ရောင်းကုန်က နှစ်မျိုးရှိတယ်၊ ရော်ဘာရေနဲ့ ရော်ဘာပြားဆိုပြီး နှစ်မျိုးပေါ့၊ အဓိက က ခြံသမားတွေက ရော်ဘာပြားပဲ လုပ်ကြတာများတယ်၊ အဓိကကတော့ ခြစ်သမားတွေက အစေးခြစ်တာနဲ့ အပြားလုပ်တာပါ။ အပြီးဆိုရင် ထွက်ရှိတဲ့ ရော်ဘာပြား ရောင်းရငွေရဲ့ ခြံသမားက ၆ ပုံ ၄ ပုံနဲ့ လုပ်နေတာဆိုတော့ ဈေးကောင်းတော့ နှစ်ဦးနှစ်ဖက်လုံး ပိုအဆင်ပြေတယ်လို့ ပြောရမှာပေါ့” ဟု တစ်နိုင်တစ်ပိုင် ရော်ဘာခြံငယ်လုပ်ငန်းပိုင်ရှင် ဦးလေးမောင်ထံမှ သိသည်။

 

ဘီလူးကျွန်း ချောင်းဆုံမြို့နယ်တွင် ရွာတိုင်းနီးပါး ရော်ဘာပင်ကို အများဆုံးစိုက်ပျိုးလျက်ရှိပြီး ရော်ဘာခြံကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် ခြံရှင်များမှာ အပိုဝင်ငွေရရှိသည့်အပြင် ရော်ဘာခြစ် သမားများလည်း မိသားစု စားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်းသိရသည်။

 

ချောင်းဆုံ(ပြန်/ဆက်)