ရာပြည့်ရန်ကုန်တက္ကသိုလ်နှင့် လွမ်းမောဖွယ်ကံ့ကော်တော

 

ဒေါက်တာမြင့်သန်း(ညောင်လေးပင်)

2+

 

 

 

 

 

 

 

 

 

 

 

 

 

ကမ္ဘာ့ပညာရေးလောကမှာ ခေတ်မီတက္ကသိုလ်များကို တည်ထောင်ခဲ့ကြရာ ခရစ်နှစ် ၁၀၈၈ ခုနှစ်က တည်ထောင်ခဲ့တဲ့ အီတလီနိုင်ငံမြောက်ပိုင်းရှိတဲ့ ဗိုလိုညာ (Bologna ) တက္ကသိုလ်က စတင်ခဲ့ကြောင်း သိရပါတယ်။ အင်္ဂလန်နိုင်ငံရဲ့ ရှေးအကျဆုံး တက္ကသိုလ်တွေကတော့ အောက်စဖို့ဒ်တက္ကသိုလ် (Oxford University) နဲ့ ကိန်းဗရစ် တက္ကသိုလ် (Cambridge University) တို့ ဖြစ်ကြပါတယ်။

 

ပညာသင်ကြားမှုလွတ်လပ်ခွင့် (Acade- mic Freedom) အယူအဆကို ဗိုလိုညာတက္ကသိုလ်က စတင်ဖော်ထုတ် ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။ တက္ကသိုလ်ပညာ သင်ကြားလေ့လာရေးမှာ လွတ်လပ်မှုရှိရေးကို အာမခံတဲ့ “Constitution Habita” ဆိုတဲ့ “ချာတာ” ချမှတ်ခဲ့ပြီး တစ်ကမ္ဘာလုံးရှိ တက္ကသိုလ်အားလုံးတို့မှာ လွတ်လပ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင် ရွက်ခဲ့ကြကြောင်းလည်း သိရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ၁၉၂ဝ ပြည့်နှစ်မှာ ရန်ကုန်တက္ကသိုလ်ကို စတင်တည်ထောင်ခဲ့ပါတယ်။

 

စတင်ချိန်က “တက္ကသိုလ်”လို့ မခေါ်သေးဘဲ ရန်ကုန်တက္ကသိုလ်ကို “ယူနီဗာစီတီ” ကျောင်း တော်ကြီးလို့သာ ခေါ်ပါသေးတယ်။ တက္ကသိုလ်ဆိုတဲ့ ဝေါဟာရကို ၁၉၃ဝ ပြည့် နှစ်မှာ စတင်သုံးစွဲခဲ့ပါတယ်။ ဆရာကြီး မင်းသုဝဏ်ရဲ့ မှတ်တမ်းများအရ ၁၂၉၂ ခုနှစ် သီတင်းကျွတ်လဆန်း ၆ ရက်နေ့မှာ ပြည်လမ်းတက္ကသိုလ် ကျောင်းတိုက်ကြီး (ယူနီဗာစီတီကောလိပ်) ပင်းယဆောင်ဆရာများရဲ့အခန်းမှာကျင်းပခဲ့တဲ့ အစည်းအဝေး ကနေ ဝေါဟာရအချို့ကို မြန်မာမှုပြုခဲ့ကြောင်း၊ သာဓကအားဖြင့် “University” ကို “တက္ကသိုလ်”၊ “College”ကို “ကျောင်းတိုက်၊ “Senate”ကို “ပါမောက္ခ” အဖွဲ့လို့ ခေါ်ဆိုခဲ့ပြီး “ကျောင်းတိုက်” ဆိုတဲ့အခေါ်ကို ၁၉၃၆ ခုနှစ် နောက်ပိုင်း ဆရာကြီး ဦးဖေမောင်တင် တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ် ဆောင် ရွက်စဉ်က သုံးခဲ့ပါသေးတယ်။ စစ်ကြီးအပြီးမှာ မူလ ဝေါဟာရဖြစ်တဲ့ “ကောလိပ်”ဆိုတာကိုပဲ ပြန်သုံးခဲ့ကြောင်းလည်း သိရပါတယ်။

 

ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မီက မြန်မာနိုင်ငံမှာ ရန်ကုန်တက္ကသိုလ်တစ်ခုတည်းသာ ရှိခဲ့ပါတယ်။ အပေါင်းပါ ကောလိပ်များကတော့ တက္ကသိုလ်၊ ယုဒသန်၊ ဆရာအတတ်သင်၊ ဆေးပညာနှင့် စိုက်ပျိုးရေးကောလိပ်များ ဖြစ်ကြပါတယ်။ စစ်ပြီးချိန်မှာ ကောလိပ်များ မရှိတော့ဘဲ ယူနိထရီစစနစ်ဖြင့် “မဟာဌာန များ”(Faculties)များ ပေါ်ပေါက်လာပါတယ်။ ၁၉၂၀ ပြည့်နှစ်မှာ ထွန်းပေါ်လာတဲ့ ရန်ကုန်တက္ကသိုလ်ကြီးဟာ ၂၀၂ဝ ပြည့်နှစ်မှာ နှစ် ပေါင်းတစ်ရာပြည့်ပြီဖြစ်ပါတယ်။

 

တစ်ချိန်တုန်းက အရှေ့တောင်အာရှရဲ့ အလှပဆုံး တက္ကသိုလ်

ရန်ကုန်တက္ကသိုလ်ကြီးဟာ မြန်မာ့သမိုင်းနဲ့အတူ ရှည်လျားတဲ့ သမိုင်းနောက်ခံရှိခဲ့တဲ့ တက္ကသိုလ်ကြီးဖြစ်တဲ့အပြင် တစ်ချိန် က အရှေ့တောင်အာရှမှာ အလှပဆုံး တက္ကသိုလ်၊ ပညာရှင်များလေးစားရတဲ့ တက္ကသိုလ်၊ ပညာဂုဏ် သိက္ခာရှိတဲ့ တက္ကသိုလ်ကြီး ဖြစ်တဲ့အပြင် မြန်မာနိုင်ငံအတွက်သာမက ကမ္ဘာလောကကြီးအတွက်ပါ တန်ဖိုးရှိတဲ့ ပညာရှင်များ မွေးထုတ်ပေးခဲ့ရာ ပညာရိပ်မွန်ကြီး ဖြစ်ခဲ့ပါတယ်။ ကံ့ကော်တောလို့ ဆိုရလောက်အောင် ရန်ကုန်တက္ကသိုလ်ကြီးဟာ သဘာဝအလှတရားများနဲ့ တင့်တယ်လှပ လွန်းနေပါတယ်။

 

ရန်ကုန်တက္ကသိုလ်ရဲ့ အလှတရားများမှာ အင်းလျားကန်ကြီးနဲ့အတူ ဘွဲ့နှင်းသဘင်ခန်းမကြီးနဲ့ အဓိပတိလမ်းမကြီး၊ စိန်ပန်း၊ ကံ့ကော်တို့နဲ့ အလှဆင်ထားတဲ့ ကျောင်းဆောင်ကြီးများ၊ လမ်းသွယ်ကလေးများ၊ သစ်ပုပ်ပင်၊ ဂျပ်ဆင်ခန်းမ၊ အာရ်စီအဆောင်၊ တက္ကသိုလ်စာကြည့်တိုက်ကြီး အစရှိသည်တို့ဟာ အစဉ်ထာဝရ ပါဝင်နေကြပြီး ရန်ကုန် တက္ကသိုလ်နဲ့အတူ ခွဲမရတဲ့ အလှတရားများ ဖြစ်ကြပါတယ်။

တက္ကသိုလ်ရဲ့ အလှအပများနဲ့အတူ လူငယ်တို့ရဲ့ရင်တွင်းက ချစ်ခြင်းတရားများနဲ့ ဇာတ်လမ်းများ ဖြစ်တည်ခဲ့၊ ကြည်နူးခဲ့၊ ကြေကွဲခဲ့၊ လွမ်းမောခဲ့၊ ခံစားခဲ့ကြသည်များ ကလည်း မမေ့နိုင်စရာရှိနေခဲ့တာ အမှန် ဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းတော်သားတို့ရဲ့ ရင်ခုန်သံများနဲ့အတူ ချစ်ခင်ဖွယ်ဇာတ်လမ်းများ ကိုယ်စီရှိခဲ့ကြမှာ အမှန်ဖြစ်ပါ တယ်။

 

လူငယ်ဆိုတာ “ကလေး၊ လူကြီး၊ နတ်သား” ဆိုတဲ့ အစိတ်အပိုင်းသုံးခု ပါဝင်တယ်တဲ့။ လူငယ်ဘဝက ကလေးဘဝနဲ့ ဆက်စပ် နေသေးတယ်။ ကလေးပုံစံအခြေအနေ မကုန်သေးဘူး၊၊ လူကြီးဘဝသွင်ပြင်ကိုလည်း ထင်ဟပ်နေတာ တွေ့ရတယ်။ နတ်သမီး၊ နတ်သားလိုလည်း သိပ်လှပတဲ့အရွယ်တဲ့။ လူအိုတွေမှာ အဲဒီအသွင်က ပျောက်ကွယ်သွားပြီ ဖြစ်ပါတယ်။ နုနယ်ပျိုမျစ်လှပတင့်တယ်ခြင်းများစွာကို လူငယ်ဘဝမှာ ပိုင်ဆိုင်နေပါတယ်။ ဒီအရွယ်နဲ့အတူ သဘာဝ တရားတစ်ခုဖြစ်တဲ့ ချစ်ခြင်းမေတ္တာပန်းများ ပွင့်လန်းလေ့ရှိမှုကိုလည်း တွေ့နိုင်ပါတယ်။ ရန်ကုန်တက္ကသိုလ်မြေ ကံ့ကော်တောမှာ တက္ကသိုလ်ပညာများ သင်ကြားကြရင်း ပျော်ရွှင်ဖွယ်၊ လွမ်းမောဖွယ်၊ အောက်မေ့ဖွယ်ချစ် မေတ္တာဇာတ်လမ်းလေးများ ဖြစ်ခဲ့ကြပါတယ်။

 

တစ်မူထူးခြားတဲ့ ဇာတ်လမ်းလေးတစ်ခုကို တင်ပြလိုပါတယ်။

 

တက္ကသိုလ်မြေက လွမ်းပုံပြင်

လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် ၆ဝ ခန့်က အမေရိကန်နိုင်ငံ ဖူးလ်ဘရိုက် ယဉ်ကျေးမှု ဖလှယ်ရေးအစီအစဉ်အရ အမေရိကန်သူ ဆရာမလေးနှစ်ယောက် ရန်ကုန် ကံဘဲ့ ဆရာအတတ်သင်သိပ္ပံကို စာသင်ပေးဖို့ ရောက်လာကြ ပါတယ်။ ဝိဇ္ဇာ(ပညာရေး) ဘွဲ့ရပြီးစ အသက်၂၅ နှစ်အရွယ်၊ အရွယ်ကောင်းလေးတွေဖြစ်ပါတယ်။ ဆရာမလေး တစ်ဦးက ရန်ကုန်တက္ကသိုလ် ပါမောက္ခတစ်ဦးရဲ့ ယောက်ဖဖြစ်သူ မြန်မာအမျိုးသားလေးနဲ့ ခင်မင်သွား၊ အတူသွား၊ အတူစားကြရာကနေ ချစ်သူတွေ ဖြစ်သွားကြပါတယ်။ သူတို့အတွဲဟာ ထိုအချိန်က ရန်ကုန်တက္ကသိုလ်မှာ လူအများသိကြသလို သစ်ပုပ်ပင်ကြီးသည်လည်း သူတို့နှစ်ယောက်ရဲ့ အထင်ကရ နေရာဖြစ်ခဲ့ပါတယ်တဲ့။

 

ထူးခြားတာက အဲဒီအချိန်က ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသား၊ ကျောင်းသူအတွဲတွေကို တက္ကသိုလ်ပရိဝုဏ် အတွင်းတွေ့ရခဲတယ်လို့ ဆိုပါတယ်။ ဆရာမလေး တာဝန်ပြီးဆုံးလို့ အိမ်ပြန်ရချိန်နီးတဲ့အခါမှာတော့ မြန်မာ အမျိုးသားလေးက လက်ထပ်ခွင့်တောင်းတော့တာပေါ့။ သံယောဇဉ်ကြိုးက ကြီးမားစွာတုပ်နှောင်ထားပြီလေ။ “တစ်ပြည် သူမရွှေထား”လို့ပဲ ဆိုချင်ပါတယ်။ တစ်ပြည်သူ မရွှေထားက အချိန်ယူစဉ်းစားတယ်။ အများစုတို့ မတူကွဲပြားလွန်းနေတယ်။ ဒါကြောင့် မရွှေထားက ငြင်းပယ်လိုက်တယ်။ ဒီဘဝ ဒီမျှသာပေါ့။ ဒီလိုနဲ့ မင်္ဂလာဒုံ လေယာဉ်ကွင်းမှာ သူတို့နှစ်ဦး လွမ်းမောဖွယ် နှုတ်ဆက်ခွဲခွာကြရတယ်။

 

လာတုန်းက အတူပါလာတဲ့ ဆရာမလေးနဲ့ BOAC ရဲ့ ကိုးမက်လေယာဉ်ကြီးနဲ့ ပြန်သွားကြတယ်။ အဲဒီအချိန်က ဗြိတိသျှလေကြောင်း BOAC သာ ရှိပါသေးတယ်။ အိန္ဒိယရောက်တော့ မရွှေထားက ကာလကတ္တားမှာ ဆင်းနေရစ်ပြီး အိန္ဒိယမြောက်ပိုင်းကို စိတ်ပြေလက်ပျောက်လေ့လာရေး ခရီးထွက်သွားတယ်။ အဖော်ဆရာမလေးက လေယာဉ်နဲ့ ခရီးဆက်ပါတယ်။ ကံကြမ္မာဆိုးက ဖန်လာတော့ ကိုးမက်ဘီအိုအေစီ လေယာဉ်ကြီး ပျက်ကျပါလေရော။ အဲဒီမှာ တစ်ယောက်မှမရှင်ပါဘူး။ မရွှေထားတစ်ယောက် ကံသီပေလို့ပေါ့။ အကြောင်းစုံကို မရွှေထားက သူ့မြန်မာချစ်သူဆီ စာရေးလိုက်ပါသေးတယ်။

 

ကံကြမ္မာဆိုးနဲ့ တွေ့ကြုံဇာတ်လမ်းဖြစ်ရပ်မှန်

အဲဒီအကြောင်း ရန်ကုန်သတင်းစာတွေထဲမှာတောင် ပါသေးတယ်လို့ သိရပါတယ်။ မရွှေထားတစ်ယောက် အိန္ဒိယမှာနေပြီး ပြည်တော်ပြန်တော့ ကိုးမက်လေယာဉ်နဲ့ပဲ ပြန်ရပါတယ်။ BOAC Flight 781 လေယာဉ်ကြီး အိုင်ယာလန်နိုင်ငံ ရှယ်နန်မှာ လေယာဉ်ခဏနား ရှေ့ခရီးဆက်ပါတယ်။ လေယာဉ်ထွက်ပြီး မကြာမီပဲ ပျက်ကျသွား ပါတော့တယ်။ ခရီးသည်အားလုံး အသက်ဆုံးကြရပါတယ်။ မြန်မာပြည်သား အမြဲတမ်းအတွင်းဝန် တစ်ဦးလည်း ပါသွားတာမို့ ရန်ကုန်ထုတ်သတင်းစာများရဲ့ ခေါင်းကြီးပိုင်းကနေ ဖော်ပြကြပါတယ်။ မရွှေထားလည်း ကံကြမ္မာဆိုး တစ်ခုကနေ လွတ်ခဲ့ပေမယ့် နောက်ကံဆိုးမှုနဲ့ ကြုံရရှာပါလေတယ်။ တကယ်ကို စိတ်ဝင်စားစရာကောင်းတဲ့ ဖြစ်ရပ်မှန်ပါ။ စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲက ဖြစ်ရပ်မှန်တွေက ပိုလို့တောင် ဆန်းကြယ်လှတယ်ဆိုတာ မှန်လှသကိုးလို့ တွေးမိပါတယ်။

 

BOAC Flight 781 ခရီးသည်တင် လေယာဉ်ကြီးဟာ De Havilland Comet အမျိုးအစား ဂျက်လေယာဉ်ကြီး ဖြစ်ပါတယ်။ British Overseas Airways Corporation (BOAC) (ဘီအိုအေစီ) လို့ တစ်ချိန်က နာမည်ကြီးလှတဲ့ လေကြောင်းလိုင်းကြီးရဲ့ အဓိက လေယာဉ်အမျိုးအစားများ ဖြစ်ပါတယ်။ ၁၉၅၄ ခုနှစ် ဇန်နဝါရီလ ၁ဝ ရက်နေ့က အဲဒီ လေယာဉ်ကြီးတစ်စင်းဟာ အီတလီနိုင်ငံ အရှေ့ကမ်းရိုးတန်းရှိ (Elba Island) အယ်လ်ဘာ ကျွန်းအနီး ကောင်းကင်မှာ ပေါက်ကွဲပြီး ပင်လယ်ပြင်ထဲကို ပျက်ကျသွားခဲ့ပါတယ်။ အကြောင်းက Explosive Decompression အတွင်း ဖိအားများလွန်းလို့ ပေါက်ကွဲရတာလို့ ဆိုပါတယ်။ လေယာဉ်ပေါ်ပါသူ ၃၅ ဦး လုံး အသက်ဆုံးရပါတယ်။

 

G-ALYP အမည်နဲ့ မှတ်ပုံတင်ထားတဲ့ အဆိုပါလေယာဉ်ကြီးဟာ (Comet) ကိုးမက် အမျိုးအစား တည်ဆောက်ထား တဲ့ တတိယမြောက် လေယာဉ်ဖြစ်ပါတယ်။ ၁၉၅၃ ခုနှစ် မေလကလည်း BOAC Flight 783 ကိုးမက် လေယာဉ်ကြီးတစ်စင်း အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမြို့အနီးမှာ ပျက်ကျခဲ့ပါတယ်။ တစ်ခါ South African Airways Flight 201 ကိုးမက် လေယာဉ်တစ်စင်း ၁၉၅၄ ခုနှစ် ဧပြီလက အီတလီနိုင်ငံ Ciampino (စီယံပီနို ) လေယာဉ်ကွင်းက အတက်ပျက်ကျခဲ့ပါသေးတယ်။

 

ဒီလေယာဉ်တွေရဲ့ Forward ADF Aerial window ရှေ့လေယာဉ်ပြတင်းပေါက်က မလုံဘဲ ဖိအားပြင်းပေါက်ကွဲ တာလို့ တွေ့ကြရပါတယ်။ အဲဒီအချိန်ကစလို့ ကိုးမက်ဂျက်လေယာဉ်များ ပျံသန်းမှုကို ရပ်ဆိုင်းခဲ့ပါတယ်။ ဒီလေယာဉ်ပျက်ကျမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ ဆက်စပ်ခဲ့တဲ့အကြောင်း ဖတ်မှတ်မိထားခြင်း ဖြစ်ပါတယ်။ ထူးခြားလှတဲ့ ကံကြမ္မာ ဖြစ်လာတတ်တဲ့အကြောင်းတွေ ဖြစ်တဲ့အပြင် ရန်ကုန်တက္ကသိုလ်နဲ့ပါ ဆက်စပ်နေလို့ ပိုစိတ်ဝင်စားမိပါတယ်။

 

“What ever is to be, will be; whatever not to be, won’t be.” “ဖြစ်ရန်ရှိတဲ့ ကိစ္စ သည် ဖြစ်ကိုဖြစ်လာမှာ၊ ဖြစ်ရန်မဟုတ်ရင် တော့ ဖြစ်လာမှာမဟုတ်ပါ” တဲ့။

 

ဒီစာသားလေးက“Que Sera Sera” ဆိုတဲ့ သီချင်းလေးထဲက ဖြစ်ပါတယ်။ Que Sera Sera ဆိုတဲ့ အဓိပ္ပာယ်က “Whatever will be, will be” ဖြစ်လာမယ့်အကြောင်းက ဖြစ်ကိုဖြစ်လာမှာတဲ့။ စပိန်စကားနဲ့ နီးစပ်ပေမယ့် မူရင်းက အီတလီစကားဖြစ်ကြောင်း သိရပါတယ်။ ဒီသီချင်းကို မင်းသားJames Stewart နဲ့ ကမ္ဘာကျော်ရုပ်ရှင်မင်းသမီး Doris Day တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ “The Man Who Knew Too Much”ဆိုတဲ့ ရုပ်ရှင်ကားမှာ မင်းသမီး Doris Day က သီဆိုခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်လောက်ကပါ။ အခုချိန်ထိ နာမည်ကြီး နားထဲစွဲနေဆဲပါ။

 

Que Sera Sera

Doris Day

When I was just a little girl

I asked my mother, what will I be

Will I be pretty

Will I be rich

Here's what she said to me

Que sera, sera

Whatever will be, will be

The future's not ours to see

Que sera, sera

What will be, will be

When I grew up and fell in love

I asked my sweetheart, what

lies ahead

Will we have rainbows

Day after day

Here's what my sweetheart said

Que sera, sera

Whatever will be, will be

The future's not ours to see

Que sera, sera

What will be, will be

Now I…

Que sera, sera

Whatever will be, will be

The future's not ours to see

Que sera, sera

What will be, will be

Que sera, sera

Source:

Now I have children of my own,

They ask their mother,

“What will be?”

“Will I be handsome,

Will I be rich?

I tell them tenderly.

Que Sera Sera..

Lyric- Ray Evans &

Jay Livingston

 

“ငယ်ငယ်တုန်းက မေမေ့ကို မေးဖူးတယ်။ သမီးကြီးလာရင် အလှပဂေးဖြစ် မလား၊ သူဌေးမလေးဖြစ်မလားဟင်။ မေမေ က ဖြစ်ဖို့ပါလာရင် ဖြစ်လာမှာသမီး၊ အနာဂတ်ဆိုတာ ကြိုတင်မမြင်နိုင်ဘူးလေတဲ့။

 

သမီးကြီးလာတဲ့အခါ ချစ်သူကိုတွေ့မယ်၊ တို့မှာ သက်တံလို လှပချစ်စရာကောင်းတဲ့ အချိန်လေးတွေ နေ့တိုင်း ပိုင်ဆိုင်နိုင်မလား၊ ဘာဖြစ်မှာလဲလို့ သူ့ကိုမေးမိမယ်။ ဖြစ်ဖို့ပါလာရင် ဖြစ်လာမှာ၊ အနာဂတ်ဆိုတာ ကြိုတင် မမြင်နိုင်ဘူးလေတဲ့ သူကဆိုတယ်။ ဒီလိုဆိုတော့ အနာဂတ်ဆိုတာ မမြင်နိုင်၊ ကြိုမတွေ့နိုင်၊ ဖြစ်စရာကြုံလာရင် ဖြစ်လာမှာနော်။ အခုကိုယ့်မှာ သားသမီးလေးတွေရနေပြီ။ သူတို့က သူတို့အမေကို “သားတို့၊ သမီးတို့ ကြီးလာရင် ဘယ်လိုဖြစ်လာမလဲ။ လှလှပပ လေးလား၊ သူဌေးလားတဲ့။ ဒီတော့လည်း ဖြစ်ဖို့ပါလာရင် ဖြစ်လာမှာ ကလေးတို့ရယ်၊ အနာဂတ်ဆိုတာ ကြိုတင်မမြင်နိုင်ဘူးလေလို့ပဲ ညင်ညင်သာသာလေး ဖြေလိုက်မိပါတော့တယ်” စသည်ဖြင့် နားလည်မိ၊ ခံစားမိပါတယ်။

 

ဖြစ်စရာဟာ ဖြစ်ကိုဖြစ်လာမှာပါတဲ့။ အခု ကံ့ကော်တောမှာ စတင်ခဲ့တဲ့ တစ်ပြည်သူ မရွှေထားတို့ ဇာတ်လမ်းလေး ကလည်း Que Sera Sera ဖြစ်ဖို့ရှိလို့ ဖြစ်သွားတာပဲလို့ ဆိုမိပါတယ်။ သို့သော် လောကမှာ အဲဒီလို ဖြစ်ဖို့ရှိလာရင် ဖြစ်လာမယ့်၊ အကျိုးတရားတွေဆီ အကြောင်းအရာအသီးသီးက ဆွဲခေါ် တတ်တာပဲလို့ ဆင်ခြင်မိပါတယ်။ ဆွဲခေါ်တဲ့ အကြောင်းကြောင့်သာ၊ ဖြစ်လာမှာသာဖြစ် ပါတယ်လို့ ဆင်ခြင်နှလုံးသွင်းမိပါတယ်။

 

လွမ်းမောဖွယ် ကံ့ကော်တောရဲ့ ရနံ့များနဲ့အတူ ရာပြည့်ရန်ကုန်တက္ကသိုလ် ကျောင်းတော်သူ ကျောင်းတော်သား များရဲ့ နှလုံးသားရင်ခုန်သံများကလည်း ပြန်လည်နိုးကြား ခံစားမိကြလေမလား ခင်ဗျာ။   ။

 

ကိုးကား

နှစ်ခုသောလောကနိယာမ-

ဒေါက်တာတင်အောင် (ချင်းတွင်း မဂ္ဂဇင်း-အမှတ်စဉ် ၃၁၊ ၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ။ )

ကံ့ကော်မြေမှ ရာပြည့်တက္ကသိုလ်-ဒေါက်တာကျော်ဝင်း (သမိုင်း ပါမောက္ခ-ငြိမ်း)

===================

 

ဆောင်းပါးရှင်၏

ကိုယ်ရေးအကျဉ်း

 

- အဖ သမာဓိမြို့ဝန်ဦးဘိုးကြန်၊ အမိ ဒေါ်တင်မေတို့ဖြစ်ပြီး ၂၇-၃-၁၉၅၂ ခုနှစ် ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်းတွင် မွေးဖွားပါသည်။ ပဲခူးမြို့ အ-ထ-က(၃)မှ ၁၉၇၀ ပြည့်နှစ်တွင် ဆယ်တန်းအောင်မြင်သည်။

 

- ၁၉၇၀ ပြည့်နှစ်တွင် မန္တလေးဆေးတက္ကသိုလ်နှင့် ရန်ကုန်ဆေးတက္ကသိုလ်(၂)တို့တွင် တက်ရောက်သင်ကြားခဲ့ပြီး ၁၉၇၈ ခုနှစ်တွင် ဆေးပညာဘွဲ့ M.B.B.S. ရရှိခဲ့သည်။

 

- ၁၉၈၂ ခုနှစ်မှစပြီး ကျန်းမာရေးဦးစီးဌာနနှင့် လူမှုဖူလုံရေးအဖွဲ့တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ဝန်ထမ်း လုပ်သက် နှစ် ၃၀ အပြီး အငြိမ်းစားယူခဲ့သည်။

 

- ၁၉၉၅ ခုနှစ်မှစပြီး စာရေးသားခဲ့သည်။

health for All,Eternal Light,Labour Digest,Health Digest, Happy Time, Skynet health channel ၊ သုတပဒေသာ၊ စာပေခရီးသွားနှင့် လူငယ်စာစဉ်များ၊ အတွေးအမြင်၊ Today Media စသည့်စာစဉ်များ၊ မဂ္ဂဇင်း၊ ဂျာနယ်များနှင့် မြန်မာ့အလင်း၊ ကြေးမုံ၊ စံတော်ချိန်သတင်းစာများတွင် စာရေးသားလျက်ရှိသည်။ စာပေဗိမာန် စာမူဆု ကိုးဆုရရှိထား သည်။

 

- “ခြောက်ဆယ် အသက်ကျော်ကာ တက်၊ ခုနစ်ခါလဲရင် ရှစ်ခါထပါ၊ ဆရာဝန် မဖြစ်ချင်ပါ၊ နှင်းဆီပွင့်ကဲ့သို့လည်း၊ ကိုယ်ကျင့်ကအပင်၊ အရိပ်က သိက္ခာ”စသည့် လုံးချင်းစာအုပ် ၄၀ အုပ်ထုတ်ဝေခဲ့ပြီးဖြစ်သည်။ ဇနီး ဒေါ်စုစုမွှေး၊ သားသမီးသုံးယောက်တို့ နှင့်အတူ ညောင်လေးပင်မြို့တွင် နေထိုင်လျက်ရှိသည်။

 

- ယခုအခါ ရန်ကုန်မြို့ လမ်း၄၀ ၊ အမှတ် ၂၁၉ ရှိ “Health for All” မဂ္ဂဇင်းတိုက်တွင် အယ်ဒီတာချုပ်၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ မဲခေါင်စာပေဆုရွေးချယ်ရေးအဖွဲ့၊ စာပေဗိမာန်စာမူဆုနှင့် ပခုက္ကူဦးအုန်းဖေ စာမူဆုရွေးချယ်ရေးအဖွဲ့ဝင် စသည့်တာဝန်များ ထမ်းဆောင်လျက်ရှိပါသည်။