ပူတာအိုမြို့နယ်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုများကြောင့် ကျောင်းဆောင်တစ်ဆောင်ပြိုလဲပြီး အချို့ နေအိမ်များ အမိုးလန်ပျက်စီး

ပူတာအို ၁၈  အောက်တိုဘာ

 

ကချင်ပြည်နယ် ပူတာအိုမြို့နယ်တွင် အောက်တိုဘာ ၁၆ရက် ည(၁၀)နာရီခန့်တွင် မိုးသက်လေပြင်း တိုက်ခတ်မှုများကြောင့် ကျောင်းဝင်းအတွင်း သစ်ပင်များလဲကျပြီး ကျောင်းဆောင်တစ်ဆောင်မှာ ပြိုလဲပြီး အချို့မှာအမိုးလန်  ပျက်စီးသွားခဲ့ကြောင်း သိရသည်။

 

mdn

 

ယခုလ ၁၆ ရက် ည(၁၀)နာရီခန့်က မိုးသက်လေပြင်းတိုက်ခိုက်မှုများကြောင့် ပူတာအိုမြို့နယ် ပူတောင်း ကျေးရွာ အုပ်စု မုဒုံ(၂)ကျေးရွာရှိ အလက-မုဒုံ(၂)ကျောင်းဆောင် အနံပေ(၃၀)ပေ၊အလျား(၆၀)ပေ ရှိ  ပျဉ်ခင်း၊ ပျဉ်ကာ၊သွပ်မိုး(၂)ထပ် ကျောင်းဆောင်မှာ (အန္တရာယ်ဆောင်အဖြစ်သတ်မှတ်ထား) ပြိုလဲ ပျက်စီးသွားပြီး အနံ(၂၄)ပေ၊ အလျားပေ(၁၀ဝ) ရှိ ပျဉ်ခင်း၊ပျဉ်ကာ၊သွပ်မိုး တစ်ထပ်ဆောင်မှာလည်း ပေ(၂၀)ခန့် အမိုးလန် ပျက်စီးသွားခဲ့ကာ ထိုကျောင်းရှိ ရေတွင်း(ပျဉ်တိုင်ထောင်-သွပ်မိုး)အမိုးမှာ လည်းပြိုလဲပျက်စီးသွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဖြစ်စဉ်ကြောင့် လူနှင့်တိရိစ္ဆာန်များထိခိုက်မှုမရှိကြောင်းနှင့် ပျက်စီးသွားသည့် နေရာများအား သက်ဆိုင်ရာ ကျောင်းကော်မတီများ၊ ရပ်မိရပ်ဖများ ပူးပေါင်းကာ အမြန်ဆုံး ပြုပြင်ရှင်းလင်းမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အလက-မုဒုံ(၂)ကျောင်းအုပ်ဆရာကြီး ဦးနောလီဆာထံမှ သိရသည်။

 

နောယော်ဘော်(ပြန်/ဆက်)