ပူတာအိုမြို့ ဟိုခိုရပ်ကွက်၌ ငွေနှင်းမှိုနှင့် အခြားမှိုများ တစ်ပိုင်တစ်နိုင် စမ်းသပ်စိုက်ပျိုး ဖြစ်ထွန်းအောင်မြင်

ပူတာအို   ၂၉   ဇွန်   

 

ကချင်ပြည်နယ်၊ ပူတာအိုမြို့ ဟိုခိုရပ်ကွက်တွင် ငွေနှင်းမှို၊ မှိုအက္ကနှင့် နို့စိမ်းမှိုများ စိုက်ပျိုးကြည့်ရာ အောင်မြင်လျက်ပြီး မိသားစုဝင်ငွေများ တိုးပွားစေကြောင်း မှိုစိုက်ပျိုးသူ ကိုထွန်းကျော်ထံမှ သိရသည်။

 

မှိုများစမ်းသပ်စိုက်ပျိုးဖြစ်သွားရခြင်းအကြောင်းကို "ပူတာအိုမြို့မှာက မြစ်ကြီးနားကသယ်ယူလာတဲ့ စားသောက်ကုန်ပစ္စည်းတွေကိုပဲ အဓိကအားကိုးနေရတာလေ။ ဒီမှာလည်း အဲဒီလိုမှိုအမျိုးအစား စိုက်ရင်ဖြစ်ထွန်းနိုင်မှာပဲဆိုပြီး ပထမအကြိမ်အနေနဲ့ စိုက်ပျိုးကြည့်လိုက်တာပါ။ ဒီမှာကုန်ကြမ်းတွေကလည်း ရှိတယ်ခက်တာက ဆားခါးနဲ့မျိုးပဲ အောက်ပိုင်းကမှာနေရတာ။ နောက်နောင်ဆိုအမျိုးကိုလည်း ဒီမှာပဲဖောက်သွားမယ် စိုက်ပျိုးခြင်တဲ့ဒေသခံတွေကိုလည်း ရောင်ချဖြန့်ဝေပေးသွားဖို့ စီစဉ်ထားပါတယ်"ဟု ကိုထွန်းကျော်က ပြောသည်။

 

ယင်းမှိုများသည် အလွန်အေးသောရာသီဥတုနှင့် မကိုက်ညီသော်လည်း ပူတာအိုဒေသတွင်ဖြစ်ထွန်း လျက်ရှိရာ စိုက်ပျိုးရန်ဝါသနာပါသော ဒေသခံများအတွက် သတင်းကောင်းဖြစ်ကြောင်း၊ တစ်ကြိမ်စိုက်ပျိုးထားလျှင် ခြောက်လလောက်အထိ ထားနိုင်ပြီး(၁၅)ရက် တစ်ကြိမ် ခူးဆွတ်နိုင်သောကြောင့် မိုးများသော ပူတာအိုဒေသအတွက် အိမ်နေရင်းဝင်ငွေရရှိစေသော အလုပ်ဖြစ်ကြောင်းနှင့်နောင်တွင် မှာယူစားသုံးသူများပြားလာပါက စိုက်ပျိုးခြံကို ယခုထက် တိုးချဲ့၍ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၎င်းထံမှ သိရသည်။

 

မှိုစိုက်ပျိုးရာတွင် ကုန်ကြမ်းများအနေဖြင့် လွှစာမှုန့်၊ ဆားခါး၊ ဖွဲနုနှင့်ထုံးများသာ လိုအပ်ကြောင်း သိရသည်။

 

ဆန်းညွှန့်(ပူတာအို)

 

IMG_201