ပုသိမ်မြို့တွင် စိုက်ပျိုးရေး လုပ်ငန်းများ၊ အငယ်စားနှင့် အလတ်စား လုပ်ငန်းများအား ငွေကြေးဝန်ဆောင်မှုများပေးမည့် Agro -SME Center A Bank ဖွင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်း များ၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများအား ငွေကြေးဝန်ဆောင်မှုများ ပေးနိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် Agro-SME Center A Bank ဖွင့်ပွဲကို ယနေ့ နံနက်က အဆိုပါဘဏ်ရှေ့၌ ကျင်းပရာ  တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးဌေးဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး  ဦးတင်အောင်ဝင်း၊  A Bank Executive Director စောဒီနိုကူးနှင့် Executive Director ဦးရဲထွန်းဦးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

 

 

ဆက်လက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဌေးဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူးရေး၊ သယံဇာတနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးတင်အောင်ဝင်းတို့က အဖွင့်အမှာစကား ပြောကြားပြီး Director စောဒီနိုကူးက Bank ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားကာ A  Bank မှ ငွေကြေးဝန်ဆောင်မှု  ရယူထားသော အငယ်စားနှင့် အလတ်စား လုပ်ငန်းများမှ ဖွင့်လှစ်ထားရှိသော လုပ်ငန်းများ၏ ပြခန်းများကိုလှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။

 

 

A  Bank မှ တိုင်းဒေသကြီးအတွင်း တောင်သူများသို့ ပုံသေပိုင်ပစ္စည်း ရင်းနှီးမြှုပ်နှံမှု ချေးငွေ၊ လုပ်ငန်းလည်ပတ်ရင်းနှီးမှု ချေးငွေ၊ အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှု ချေးငွေ၊ ရရန် ကြွေးမှီထောက်ပံ့မှု ချေးငွေ၊ အငှားဝယ်စနစ် စသည့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများကိုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

တိုင်းဒေသကြီးပြန်/ဆက်